ယခုနှစ်၊ ဇန်နဝါရီလအတွင်းက ငွေကြေးလိမ်လည်မှုနဲ့ ရန်ကင်းတရားရုံးမှာ ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် မေသန်းနုကိုတော့ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်မှ သင်္ဃန်းကျွန်းတရားရုံးမှာ ထပ်တိုးအမှုနဲ့ ထပ်မံ တရားစွဲဆိုထားပါတယ်။
အဲဒီ အမှုကတော့ တရားလို ဒေါ်စန်းစန်းမြင့်မှ သူရဲ့နေအိမ်အား မေသန်းနုနဲ့ တခြားသူတဦးတို့ အပေါင်ထားရာကနေ ဆုံးရှုံးသွားခဲ့တဲ့အတွက် ထပ်မံ တရားစွဲဆိုထားတဲ့ အမှု ဖြစ်ပါတယ်။
အဆိုပါ အမှုများအတွက် မေသန်းနုဘက်မှ ဒေါ်စန်းစန်းမြင့် ဆုံးရှုံးခဲ့ရတဲ့ ငွေများကို ပြန်ပေးမည် ဆိုပါက အမှုက ရုတ်သိမ်းပေးမယ်လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။
“ကျမ ဆုံးရှုံးသွားတယ်။ ကျမဘဝ ပျက်သွားတယ်။ အဲ့အတွက် ဝမ်းနည်းတယ်။ ကျမကိုလည်း ဒီလို ယူတာကို ပေါ်ရဲ့သားနဲ့ ကျမ ပိုက်ဆံကို ပြန်မပေးတဲ့အတွက် စိတ်မကောင်းဘူး။ ပေးမယ်ဆိုပြီးခေါ်ပြီး မပေးတဲ့အတွက်လည်း စိတ်မကောင်းဘူး။ ပေးရင်ဘာပဲဖြစ်ဖြစ် ကျမ ဆုံးရှုံးနစ်နာသွားတဲ့ ၆ နှစ်လုံး ကျမ ဒုက္ခရောက်တာတွေကို ကျမ ပိုက်ဆံရရင် ကျေနပ်ပါပြီ”
“ဆုံးရှုံးသွားတဲ့ ပိုက်ဆံ ပေးမယ်ဆို ယူမှာပါ။ အမှု ရုတ်သိမ်းပေးမှာပါ။ ကျမ သူ့ကို ဒီလိုဘယ်ဖြစ်စေချင်ပါ့မလဲ။ အပြင်မှာ ၂ နှစ် စောင့်တယ်။ တရားစွဲတာ ၆ နှစ်၊ ကျမ အရမ်းပင်ပန်းတယ်။ အရမ်းလည်း ဒုက္ခရောက်တယ်။၂၀၁၆ အထိ သူ့ဆီက လိုက်ပြီးတောင်းတယ်။ အသနားခံတယ်။ သူ့ဘက်က တိုင်ပါလို့ပြောလို့ တိုင်တာ” လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။
အပြင်မှာတော့ မေသန်းနုဘက်မှ ဒေါ်စန်းစန်းမြင့်အားငွေများ ပြန်လည် ပေးဆပ်တယ်ဆိုတဲ့ စကားများထွက်ပေါ်နေပေမယ့် မရခဲ့ဘဲ ဆုံးရှုံးခဲ့တဲ့ သိန်း ၁၂၅၀ ကိုပြန်ပေးပါလို့ ပြောခဲ့ပေမယ့် မပေးသွားခဲ့ဘူးလို့ သိရပါတယ်။
“အပြင်မှာ ပြောနေကြတယ်။ လူတိုင်းက ကျမကို ပိုက်ဆံရပြီ ထင်နေကြတယ်။ ဘယ်သူမှ ကျမကိုမပေးပါဘူး။ ပေးမယ်ပြောပြီး မပေးဘူး။ ပေးမယ်လို့တော့ လာပြောတယ်။ ဒါပေမဲ့ မပေးဖြစ်ဘူး။ ကျမကို ပိုက်ဆံ လုံးဝ မပေးပါဘူး။ တပြားမှလည်း မပေးဘူး။ ကျမက သိန်း ၄၀၀ ကို တရားစွဲထားတယ်။ ဘဏ်စာရွက် ၆၂၅ ကို တရားစွဲထားတယ်၊ ချက်လက်မှတ်ပေါ့”
“နောက်ပြီးတော့ ကျမကားလေးကို ပေါင်စားသွားတယ်။ အဲဒါကို ၂၀၁၆ ကတည်းက တိုင်ထားတာ အခုထိလည်း မရသေးဘူး။ ကျမကို ကျမဆုံးရှုံးသွားတဲ့ ပိုက်ဆံ သိန်း ၁၂၅၀ ပြန်ပေးပါလို့ပဲ ကျမ ပြောတယ်။ အဲဒါကို မပေးသွားပါဘူး” လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။
မေသန်းနုကို ယုံကြည်ချစ်ခင်တဲ့အတွက် ပေးခဲ့တာတွေဖြစ်ပြီး အခုလို အမှုအခင်းလည်း မဖြစ်ချင်ဘဲ ဆုံးရှုံးတာ ဘာမှမရတဲ့အတွက် တရားရုံးကို ဦးတိုက်ကာ ကူညီပေးရန် အသနားခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ကျမ ဆုံးရှုံးသွားတဲ့၊ နစ်နာတဲ့ဟာပြန်ရရင် ကျမ ဒီလိုမျိုးလည်းမဖြစ်ချင်ဘူး။ ကျေအေးပေးမှာပေါ့။ ဆုံးရှုံးသွားတာ ဘာမှမရတော့ တရားရုံးကို ဦးတိုက်ပြီးတော့ ကျမကို သနားပြီး အမှန်အတိုင်းဆောင်ရွက်ပေးမယ့် တရားသူကြီးကိုပဲ မျှော်ကိုးပါတယ်။ အမှန်အတိုင်းလေး ကူညီပေးပါလို့ပဲ ပြောချင်တယ်” လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။
ယခု ထပ်မံရင်ဆိုင်နေရသော အမှုကတော့ မေသန်းနုနဲ့ တခြားတယောက်မှ ဒေါ်စန်းစန်းမြင့်ရဲ့ လှည်းတန်းမှာရှိတဲ့ သိန်း ၂၅၀၀ တန် နေအိမ်ကို ပေါင်ခဲ့ရာမှ ဆုံးရှုံးသွားတဲ့အတွက် ဖြစ်ပေါ်လာတဲ့အမှု ဖြစ်ပါတယ်။
“ကိုသူခက်နဲ့ ပေါင်သွားတဲ့အိမ်ကို မေသန်းနုက လိမ်ထားလို့ တရားစွဲတာ။ ဒီအမှုက ကျမ အိမ်လေးကို ပေါင်သွားလို့ ဆုံးသွားတာ။ ၂၀၁၄ ကတည်းက ပေါင်တာ ၂၀၁၆ မှာ ဆုံးသွားတာ။ လှည်းတန်းက အိမ်ကို ၂၅၀၀ နဲ့ပေါ့။ ကိုသူခက်နဲ့ မေသန်းနုကပေါ့။ မေသန်းနုက အကူအညီတောင်းလို့ လုပ်ပေးလိုက်တာ။ တရားစွဲတုန်းကတော့ သူ မပါဘူး။ ဟိုတယောက်က ပြေးသွားတော့ နောက်တိုး စွဲလိုက်တာ။ တိုင်းကနေပြန်ကျတာ နောက်တိုး” လို့ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။
သရုပ်ဆောင် မေသန်းနုကိုတော့ ဇန်နဝါရီလ ၂၀ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးမှာ ပုဒ်မ ၄၂၀ ဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပြီး အဆိုပါ အမှုကတော့ ၂၀၁၆ ခုနှစ်ကစတင်ကာ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ထံမှ တိုက်ခန်း စရံငွေ သိန်း ၄၀၀ လိမ်လည် ရယူသွားသည်ဟုဆိုကာ တိုင်တန်းခဲ့ရာမှ ပေါ်ပေါက်ခဲ့တဲ့အမှု ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
သေဆုံးသွားတဲ့ သမီးဖြစ်သူကို နည်းပညာ အကူအညီနဲ့ တွေ့ဆုံခဲ့တဲ့ မိခင်
အစ္စဏီ ပြစ်ဒဏ် လျှော့ပေါ့ရေး ဂီတသမားများနဲ့အတူ ကမ်ပိန်းလုပ်သွားမယ့် ဂီတမှူး နိုင်ဇော်