ကချင်တိုင်းရင်းသူ အဆိုတော်တဦးဖြစ်တဲ့ ရေဗက္ကာဝင်းက အဆိုပြိုင်ပွဲတွေမှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်တဲ့အခါ ပရိသတ် အမုန်းခံရတာရော၊ အပြောဆိုခံရတာရော ရှိတယ်လို့ ဆိုပါတယ်။
“ကျမတို့ အကဲဖြတ်ဒိုင်တွေက ပရိသတ်တွေရဲ့ အမုန်းခံဖို့အတွက်ပါ စိတ်ကို ပြင်ဆင်ထားရတယ်။ ကျမတို့ အရင်တုန်းက ဒိုင်လုပ်ဖြစ်တဲ့ သူအချင်းချင်းတွေ့ရင် ပြောဖြစ်ကြတယ်။ သီချင်းဆိုနေရင် အဆဲမခံရဘူး။ ဒိုင်လုပ်မှ အဆဲခံရတော့တယ်လို့ ပြောဖြစ်တယ်။ တခါတလေကျရင် ဒိုင်လုပ်ရမှာ မလုပ်ချင်တဲ့ စိတ်တွေ ဖြစ်မိတယ်”
“ပရိသတ်ကလည်း သူတို့ရဲ့ ထင်မြင်ယူဆချက် ပေးပိုင်ခွင့် ရှိတယ်။ ဒီလူဆိုတာ ကောင်းကောင်း၊ မကောင်းကောင်း သူတို့ ကြိုက်တယ်ဆိုရင် Vote မှာပဲလေ။ ဒါကိုလည်း ကျမတို့က လက်ခံရမယ်။ ကျမတို့အနေနဲ့ ဒီလူဆိုတာ မှန်တယ်၊ မှားတယ်၊ ကောင်းတယ်၊ မကောင်းဘူး။ အဆိုတော်တယောက်အနေနဲ့ ရပ်တည်သွားနိုင်တယ်၊ မသွားနိုင်ဘူး ဆိုတဲ့ သူ့တို့ အရည်အချင်းကိုလည်း သိတယ်။ ကျမတို့အနေနဲ့ကလည်း ပြောသင့်တာပြောပြီး အမှတ်ပေးသင့်တာကို ပေးရတာပေါ့”
“အဲ့ဒါကြောင့် ကွဲလွဲမှုတွေ ရှိရင် အမုန်းခံရတာရော အပြောဆိုခံရတာရော ရှိတယ်။ ကိုယ်က လုပ်မယ်လို့ ရွေးချယ်ပြီးရင်တော့ မတတ်နိုင်ဘူးပေါ့”လို့ ရေဗက္ကာဝင်းက ပြောပါတယ်။
ရေဗက္ကာဝင်းက မကြာခင်ပြုလုပ်မယ့် “ရွှေမိုက်ခဲ” ဆိုတဲ့ သီချင်းဆိုပြိုင်ပွဲမှာလည်း အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ဦးမှာ ဖြစ်ပါတယ်။
“ရွှေမိုက်ခဲ အစီအစဉ်မှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ခဲ့တာက တေးသံသာမှာ ကျမ သီချင်းလေး တင်ဖြစ်ရာကနေ ဒီအစီအစဉ်လေး ရှိတယ်လို့ ကမ်းလှမ်းတာကနေ ပါဝင်ဖြစ်တာပါ။ မှန်မှန်ကန်ကန်နဲ့ အရည်အချင်းရှိတဲ့ အဆိုတော်တွေ ပေးထွက်လာအောင်ပဲ ရွေးချယ်သွားဖို့ ပြင်ဆင်ထားပါတယ်”လို့ ရေဗက္ကာဝင်းက ဆိုပါတယ်။
အဆိုပြိုင်ပွဲတွေမှာ ပရိသတ်ရဲ့ Voting စနစ်နဲ့ ပြိုင်ပွဲဝင်များအား Winner ရွေးချယ်တဲ့အပေါ်ကိုလည်း ရေဗက္ကာဝင်းက အခုလိုပဲ ဆိုပါတယ်။
“ဒိုင်တွေကို လုပ်ပိုင်ခွင့် ပိုပေးတာရင် ကြိုက်တယ်။ ပရိသတ် အပြောတော့ ခံရနိုင်တယ်။ Voting နဲ့ သွားတော့ ကိုယ့်ပရောဂ ကင်းတယ်။ အားလုံးရွေးချယ်တဲ့သူ ရသွားတာပဲဆိုပြီး ပြီးသွားရော။ ဒိုင်တွေကို လုပ်ပိုင်ခွင့်ပေးရင် တခုရှိတာက အရည်အချင်းရှိပြီး တကယ်အလားအလာရှိပြီး အနုပညာလောကမှာ အရည်အသွေး ပိုကောင်းမွန်တဲ့ သူကို မှန်မှန်ကန်ကန် ရွေးချယ်ခွင့်ပေးတဲ့ သဘောတော့ ဖြစ်တယ်။ ပရိသတ်က အားမပေးဘူးဆိုရင်လည်း သူက မရပ်တည်နိုင်ပြန်ဘူးပေါ့”
“ပရိသတ်ချစ်ခင်မှုရော၊ အရည်အချင်းလေးရော ပါအောင် ဒိုင်တွေကို ၇၀ ရာခိုင်နှုန်းပေးပြီး ပရိသတ်က ၃၀ ရာခိုင်နှုန်း ပေးထားတာတော့ ဘက်မျှအောင် လုပ်ထားပေးတယ်လို့ ထင်ပါတယ်။ ကျမလည်း သီချင်းဆို ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ရတာဆိုတော့ ကျမတို့တုန်းက အရမ်းခက်ခဲခဲ့တယ်။ အခုက အွန်လိုင်းပေါ်မှာ ဆိုလိုက်တာနဲ့ ဝင်ပြိုင်ခွင့်ရတာဟာ ကျမတုန်းကထက် အများကြီး လွယ်ပါတယ်။ အနုပညာကို အခြေခံချစ်တဲ့ စိတ်ကလေးတွေနဲ့တော့ ဝင်ပြိုင်စေချင်တယ်”လို့ ရေဗက္ကာဝင်းက ပြောပါတယ်။
အဆိုတော် ရေဗက္ကာဝင်းဟာ ပရိသတ်ကြိုက် နှစ်သက်တဲ့ သီချင်းများစွာကို သီဆိုပြီး တကိုယ်တော် အခွေအဖြစ် ကချင်ဘာသာနဲ့ သီဆိုထားတဲ့ အခွေတခွေ ထွက်ရှိထားပါတယ်။
ရေဗက္ကာဝင်းကတော့ Myanmar’s Got Talent ၊ “အိပ်မက်ဆုံရာ” စတဲ့ အစီအစဉ်တွေမှာ ဒိုင်အဖြစ် ပါဝင်ခဲ့ဖူးပြီး မကြာခင် ပြုလုပ်တော့မယ့် “ရွှေမိုက်ခဲ” အစီအစဉ်မှာလည်း အကဲဖြတ်ဒိုင် တဦးအနေနဲ့ ပါဝင်သွားဦးမှာ ဖြစ်ပါတယ်။
You may also like these stories:
Show ပွဲတွေ မဆိုဖြစ်တာ ၈ နှစ်ခန့်ရှိပြီဖြစ်တဲ့ အဆိုတော် ရေဗက္ကာဝင်း
“ပြန်ဆိုတေးပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်သီချင်းပဲ ဖြစ်ဖြစ် အားပေးပါတယ်”လို့ ပြောတဲ့ ရေဗက္ကာဝင်း
“အချစ်ရေးကို စဉ်းစားဖို့ ခေါင်းထဲမှာ အကန့် မရှိသေးဘူး”လို့ ပြောတဲ့ L ဆိုင်းဇီ