တချိန်က ကေသီပန် ဆေးကြော်ငြာနဲ့ နာမည်ရခဲ့တဲ့ လူရွှင်တော်၊ ဟာသ သရုပ်ဆောင် ဧရာက ကိုယ်ပိုင်အိမ်လေးမှာပဲ တနိုင်တပိုင် အစားအသောက်ရောင်းတဲ့ ဆိုင်လေးဖွင့်ထားတယ်လို့ ဆိုပါတယ်။
“အိမ်မှာ ဆိုင်လေးလုပ်ဖြစ်တာက ဒီပတ်ဝန်းကျင်မှာက ကျူရှင်တွေချည်းပဲ။ အဲ့တော့ ကလေးကြိုက်တဲ့ မုန့်လေးတွေ ရောင်းကြတာ၊ မိသားစုအတွက် အပိုဝင်ငွေလေး ရတာပေါ့။ မြေးလေးနဲ့ ပုံလေးတင်လိုက်တာ ပရိသတ်တွေက စိတ်ဝင်စားကြတယ်။ ကြက်သားပလာတာနဲ့ ပန်းသေးခေါက်ဆွဲလည်း အော်ဒါလက်ခံတယ်။ သမက်က အချက်အပြုတ်မှာ သင်တန်းတက်ထားတာဆိုတော့ အဆင်ပြေတာပေါ့”
“ကြက်သားပလာတာကိုတော့ တပွဲ ၁၅၀၀ ကျပ်၊ ပန်းသေးခေါက်ဆွဲတော့ ၂၀၀၀ ကျပ်နဲ့ ရောင်းပေးပါတယ်။ ပရိသတ်တွေကလည်း သူတို့ မစားဖူးသေးဘဲ ဧရာဆိုတဲ့ အနုပညာရှင်ကို ချစ်တဲ့စိတ်နဲ့ အော်ဒါတွေ လှမ်းမှာကြတယ်။ တပိုင်တနိုင်တော့ အဆင်ပြေပါတယ်။ ဆိုင်ကြီး ဖွင့်ချင်တယ်။ စိတ်ကူးထဲမှာပဲ ရှိသေးတယ်။ ဆိုင်တဆိုင် ဖွင့်ဖို့ဆိုတာ မလွယ်ဘူး။ ဆိုင်ခန်းခတင် မနည်းဘူးဆိုတော့ အခုတော့ အိမ်မှာပဲ တနိုင်တပိုင်ပဲ ဖွင့်သွားဦးမယ်”လို့ ဧရာက ပြောပါတယ်။
အနုပညာသမားတွေက အနုပညာကိုပဲ တစိုက်မတ်မတ် လုပ်တတ်တာမို့ အခြားစီးပွားရေးလုပ်ကိုင်ဖို့ တော်တော်အဆင်မပြေကြဘူးလို့ ဧရာက ဆိုပါတယ်။
“ကျနော် ကားမောင်းမယ်လို့ ဖြေဖူးတယ်။ ကျနော် ကားမောင်းမယ်လို့ ဖြေလိုက်တာကလည်း ကိုယ့်စိတ်ကိုယ် မြှင့်လိုက်တာပါ။ လူတွေက ဧရာကြီး တက္ကဆီ မောင်းမယ်ဆိုပြီး ဖြစ်ကုန်ရော။ အနုပညာလုပ်ဖို့လည်း မရှိနေတော့ ကိုယ့်မိသားစုအတွက် ကိုယ်က ဘယ်ဒုက္ခအဖြစ်ခံမလဲ။ ကျနော်လုပ်တတ်ကိုင်တတ်နေတာကို တက္ကဆီ မောင်းစားမယ်လို့ ပြောလိုက်တာပါ။ ကားမောင်းဖို့ကို မိသားစုက ဝိုင်းကန့်ကွက်ကြတယ်။ မမောင်းပါဘူး။ ကျနော် အခု ဟားငါးကောင်အဖွဲ့ နဲ့ တတ်နိုင်သလောက်လေး လိုက်ကတယ်။ နောက်ပြီး ဇာတ်ကားလေးတခုမှာလည်း တခန်းနှစ်ခန်း ပါဖို့ ရှိတယ်”လို့ ဆိုပါတယ်။
ဆက်လက်ပြီး “ကျနော်တို့ အနုပညာသမားတွေက အနုပညာကိုပဲ တစိုက်မတ်မတ် လုပ်နေတဲ့အခါကျတော့ အခြား စီးပွားရေးလုပ်ကိုင်ဖို့ တော်တော်အဆင်မပြေကြဘူးပေါ့။ အစိုးရဝန်ထမ်းဆိုရင် ပင်စင်ရှိမယ်။ ပင်စင်လေး မလောက်မငှဆိုပေမယ့် ခုသာခံသာ ရှိတာပေါ့”
“ကျနော်တို့ အနုပညာသမားကျတော့ အဲ့လို မျှော်လင့်စရာ မရှိဘူး။ ကျနော့် ဆရာသမားတွေက ရတုန်းစုလို့ ပြောတဲ့ စကားလေးကြောင့် ကျနော်တောင် အခုလို အိမ်ပိုင်လေး ရတာပါ။ နေတတ်ဖို့၊ စေတနာ ထားတတ်ဖို့ပဲ လိုပါတယ်။ အနုပညာသမားတွေ စိတ်ဓာတ်မကျပါနဲ့၊ နေတတ်ဖို့ပဲ လိုပါတယ်။ ပရိသတ်တွေလည်း စိတ်မကောင်းမဖြစ်နဲ့”လို့ ဧရာက ပြောပါတယ်။
အနုပညာသက်တမ်း နှစ် ၄၀ ကျော်ရှိပြီဖြစ်တဲ့ ဧရာဟာ ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ ရယ်မောစရာတွေ ဖန်တီးပေးတတ်တဲ့ လူရွှင်တော် ဖြစ်သလို ဟာသသရုပ်ဆောင် တဦးလည်း ဖြစ်ပါတယ်။ ဧရာအနေနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းကတည်းက ခါးနာတဲ့ဝေဒနာကိုခံစားခဲ့ရပြီး မကြာခဏ ဆိုသလို ဆေးရုံတက်ရောက်ကာ ကုသမှု ခံယူခဲ့ရပါတယ်။