အနုပညာလောကကနေ ၅ နှစ်လောက် ဝေးကွာခဲ့ပြီးတဲ့နောက် ကိုရီးယားမင်းသမီး ကင်ထယ်ဟီးဟာ အခု တပတ်ကနေ စတင်ထုတ်လွှင့်မယ့် “Hi Bye, Mama!” ဒရာမာမှာ ပြန်လည်ပါဝင်လာတော့မှာဖြစ်ပါတယ်။ အဲ့ဒီ ဒရာမာစီးရီးကတော့ တစ္ဆေသရဲဖြစ်နေတဲ့ မိခင်တဦးရဲ့ဇာတ်လမ်းအကြောင်းအရာပဲဖြစ်ပါတယ်။
မင်းသမီး ကင်ဟာ မွေးကင်းစ သမီးလေးကို ချန်ထားခဲ့ပြီး မတော်တဆမှုတခုမှာ သေဆုံးခဲ့ရတဲ့ ချာယူရီဆိုတဲ့ မိခင်တဦးအဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။ လက်ရှိဘဝကို ကျောခိုင်းပြီး နောက်ဘဝကို သွားရမှာဖြစ်ပေမယ့် သမီးလေးကို မထားခဲ့နိုင်လို့ လူ့လောကဆီ ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် ချာယူရီဟာ ပြန်လည် ဝင်စားဖို့ အခွင့်အရေးတခု ရခဲ့ပါတယ်။ နောက်အိမ်ထောင်ပြုထားတဲ့ ခင်ပွန်းရဲ့ ဇနီးနဲ့ သမီးလေးရဲ့ မိခင် ဖြစ်တဲ့ သူ့နေရာကို အချိန် ၄၉ ရက်အတွင်း ပြန်လည်ရယူနိုင်မယ်ဆိုရင် ပြန်လည် ဝင်စားခွင့်ရနိုင်မယ် ဆိုတဲ့ အာမခံချက်ကို ရရှိမှာလည်း ဖြစ်ပါတယ်။ မင်းသား Lee Kyu-hyung က သူ့ရဲ့ ခင်ပွန်းအဖြစ် သရုပ်ဆောင် ထားပါတယ်။
tvN ရုပ်သံလိုင်းကနေအပိုင်း ၁၆ ပိုင်းအနေနဲ့ ပြသမယ့် အဲ့ဒီဒရာမာကတော့ မင်းသမီး ကင်အတွက် အနုပညာလုပ်ငန်းတွေကို တရားဝင်ပြန်လည် စတင်တဲ့ မှတ်တိုင်လည်း ဖြစ်ပါတယ်။
မင်းသမီး ကင်ဟာ အဆိုတော်၊ မင်းသား ရိန်းနဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ပြီးတဲ့နောက်ပိုင်း သမီးနှစ်ဦး မွေးဖွားခဲ့တဲ့ အချိန်ကာလတွေအတွင်းမှာ အနုပညာလုပ်ငန်းတွေနဲ့ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မင်းသမီး ကင်က အခုသရုပ်ဆောင် ထားတဲ့ မိခင်ဇာတ်ရုပ်ဟာ လက်ရှိ သမီးနှစ်ဦးရဲ့ မိခင်ဖြစ်တဲ့ သူ့ရဲ့ လက်ရှိဘဝကို နက်နက်နဲနဲ ထင်ဟပ်စေ တယ်လို့လည်း ဆိုပါတယ်။
မင်းသမီးက “ချာယူရီဟာ သရဲဖြစ်တယ်ဆိုတာကလွဲလို့ အဲ့ဒီဇာတ်ကောင်ဟာ မိခင်တယောက်နဲ့ သာမန် မိသားစုဝင်တဦး ဖြစ်တယ်ဆိုတဲ့ ကျမကိုယ်ပိုင်ဘဝနဲ့လည်း တော်တော်လေး ထပ်ထူကျပါတယ်။ သရဲတကောင် အနေနဲ့ သမီးရဲ့ဘေး မှာ ရှိနေရတာ ဘယ်လောက်တောင် မကောင်းဘူးလဲဆိုတာကို သူသိပေမယ့် သမီးလေးကို မထားခဲ့နိုင်ပါဘူး။ ကလေးကို အချိန်အကြာကြီး စောင့်ကြည့်ဖို့ မိခင်တယောက်ရဲ့ လွမ်းဆွတ်မှုဟာ ကျမကို တော်တော်လေး ခံစားရစေပါတယ်”လို့ ဆိုပါတယ်။
“Hi Bye, Mama!” ဒရာမာကို ၂၀၁၅ ခုနှစ်က tvN ရုပ်သံလိုင်းကနေပဲထုတ်လွှင့်ခဲ့တဲ့ “Oh My Ghost” ဒရာမာ ရဲ့ ဒါရိုက်တာ Yoo Je-won ကရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ အခုစီးရီးကိုတော့ မကြာသေးခင်ကမှ ပြီးဆုံးသွားခဲ့တဲ့ “Crash Landing On You” ဒရာမာရဲ့ နေရာမှာ စနေ၊ တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ Netflix ကနေလည်း ကြည့်ရှုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Ref:yonhap
You may also like these stories:
မကြာခင်မှာ ကြည့်ရှုရတော့မယ့် Ranveer Singh နဲ့ Deepika Padukone တို့ရဲ့ ရုပ်ရှင် “83”
ကားမတော်တဆမှုကြောင့် အနုပညာအလုပ်တွေ အနားယူထားရတဲ့ မင်းသား လီဂွမ်ဆူ
Shazam! ရဲ့ ဗီလိန်တွေ Black Adam မှာ ပြန်လည် ပါဝင်လာဖို့ ရှိနေ