မြန်မာနိုင်ငံရဲ့ထိပ်တန်း သီချင်းရေးဆရာ တယောက်ဖြစ်တဲ့ မြင့်မိုးအောင်က မကြာခင် ကျင်းပမယ့် “ရွှေမိုက်ခဲ” သီချင်းဆို ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အနေနဲ့ ပါဝင်ဖြစ်ပုံကို အခုလိုပဲ ပြောပြပါတယ်။
“ရွှေမိုက်ခဲ သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ဖြစ်တာက ကျနော်ကို လာကမ်းလှမ်းတာနဲ့ ပါဝင်ဖြစ်တာပါ။ ဒီပွဲမှာ ပရိသတ် Voting ရော၊ ဒိုင်တွေရဲ့ အမှတ်ရော ပါတာကြောင့် နှစ်ခုလုံးပါလို့ ပါဝင်ဖြစ်တာပါ။ Voting ပဲဆိုရင်လည်း တခါတလေ မမှန်နိုင်ဘူးပေါ့။ အနုပညာရှုထောင့်က ကြည့်ရင် လိုအပ်ချက်တွေ ရှိပေမယ့် Voting များသွားရင်လည်း လိုအပ်ချက်တွေ ရှိတယ်။ ဒိုင်ရော ပရိသတ် Voting ရောနဲ့ ဆိုရင် အမှန်တရားနဲ့ ပိုပြီး နီးစပ်တာမို့ ပါဝင်ဖြစ်တာပါ”လို့ တေးရေး မြင့်မိုးအောင်က ပြောပါတယ်။
ဆက်လက်ပြီး မြင့်မိုးအောင်က သီချင်းဆို ပြိုင်ပွဲတွေမှာ ပရိသတ် Voting စနစ်နဲ့ ရွေးချယ်တဲ့အပေါ် သူ့အမြင်ကိုလည်း အခုလိုပဲ ဆိုပါတယ်။
“ဒီမိုကရေစီခေတ် ရောက်ပြီဆိုတော့ အစိုးရတောင် Voting နဲ့ ရွေးတာ ပြိုင်ပွဲမှာ Voting နဲ့ ရွေးတာ မဆန်းပါဘူး။ ပြိုင်ပွဲမှာကျတော့ ပွဲက စီစဉ်ပေးထားတာဆိုတော့ သူတို့ လွပ်လွပ်လပ်လပ်ဆိုလို့ ရတာပေ့ါ မူရင်းသီချင်းကို။ ဒါပေမဲ့ အဲဒီလိုမျိုးအပြင်က စီးပွားဖြစ်ပွဲတွေမှာ အခကြေးငွေနဲ့ သွားပြီးတော့ ဆိုတဲ့အခါကျရင်တော့ သီချင်းကို ခွင့်ပြုချက် တောင်းဖို့လိုတာပေါ့နော်”
“သူတို့က ခွင့်ပြုချက် တောင်းစရာ မလိုဘူး။ ပြိုင်ပွဲလိုပဲ ငါတို့ လွပ်လွပ်လပ်လပ် ဆိုစားလို့ရတယ်လို့ တွေးရင်တော့ မှားသွားမှာပေါ့။ ပြိုင်ပွဲမှာတော့ ပြိုင်ပွဲတာဝန်ရှိသူတွေက စီစဉ်ပေးတာ။ အပြင်မှာကျတော့ ကိုယ်တိုင်စီစဉ်ရပြီ။ အဲဒီအခါကျတော့ ခွင့်ပြုချက် ကြိုယူဖို့လည်း လိုပါတယ်။ မူပိုင်ခွင့်ကိုလေးစားဖို့လည်း လိုပါတယ်”လို့ မြင့်မိုးအောင်က ပြောပါတယ်။
ပြိုင်ပွဲမှာ အောင်မြင်ခဲ့တဲ့ မျိုးဆက်သစ်တွေ ကိုယ်ပိုင်သီချင်းနဲ့ သေသေချာချာ အောင်မြင်ဖို့အတွက် ထပ်ကြိုးစားဖို့လိုတယ်လို့လည်း မြင့်မိုးအောင်က ပြောပါတယ်။
“ပြိုင်ပွဲ ပြီးသွားပြီဆိုရင် ဂီတလောကထဲကို အလျင်အမြန် ရောက်သွားတာပေါ့နော်။ အဲဒီအချိန်မှာတော့ သိသင့်သိထိုက်တာလေးတွေ သိဖို့ကြိုးစားဖို့ လိုသွားပြီပေါ့။ အချို့ကတော့ ပြိုင်ပွဲမှာသာ အောင်မြင်ရင် အောင်မြင်လာမယ်။ တကယ့် ဂီတလောကထဲကို တေ့တေ့ဆိုင်ဆိုင် ရောက်တဲ့အခါကျတော့ အမှားလေးတွေ လုပ်မိတာမျိုးလည်းဖြစ်သွားနိုင်တယ်”
“အဲ့တော့ ပြိုင်ပွဲမှာ အောင်မြင်တာက အောင်မှတ်ရတဲ့ သဘောပါပဲ။ ဂုဏ်ထူးထွက်ဖို့က ကြိုးစားဖို့အများကြီး လိုသေးတယ်လို့ ပြောချင်ပါတယ်။ နောက်တခုက ပြိုင်ပွဲမှာဆိုတာ သီချင်းအဟောင်းတွေနဲ့ပဲ ပြိုင်တာလေ။ အဲ့တော့ ကိုယ့်ကိုယ်ပိုင်သီချင်းနဲ့ သေသေချာချာ အောင်မြင်ဖို့အတွက် ထပ်ကြိုးစားဖို့လိုပါတယ်”လို့ မြင့်မိုးအောင်က ဆိုပါတယ်။
ဆက်ပြီး “ကိုယ်ပိုင်သီချင်းနဲ့ မအောင်မြင်ရင် ကိုယ်က အခြားလူတွေရဲ့သီချင်းတွေ မူရင်းသီချင်းတွေကို လုပ်စားတယ်ဆိုတာမျိုးလည်း အပြောခံရတတ်တယ်။ နောက်တခုက မူရင်းအဆိုတော်တွေထက်တောင် တခါတလေ အခကြေးငွေ ပိုရတဲ့ အဆိုတော်တွေလည်း ဖြစ်သွားတာပေါ့နော်။ အချို့မူရင်းအဆိုတော်တွေ စိတ်ထဲမှာ ပိုပြီးတော့ ခံစားရတာမျိုးလည်း ရှိတာပေါ့နော်။ အဲဒါကြောင့် ပိုပြီးတော့ ကျေးဇူးတရားတွေ သိတတ်ဖို့လည်း လိုပါတယ်”လို့ မြင့်မိုးအောင်က ပြောပါတယ်။
တေးရေး မြင့်မိုးအောင်ကတော့ သီချင်းဆိုပြိုင်ပွဲ တော်တော်များများမှာ ဒိုင်အဖြစ် ဆောင်ရွက်နေသူတဦး ဖြစ်ပြီး “ရွှေမိုက်ခဲ” သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်တဦးအနေနဲ့ ပါဝင်သွားမယ်လို့ သိရပါတယ်။