ဟာသ လူရွှင်တော် မန်းဝင်းဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းက ၅ မိနစ်ခန့် သတိလစ်ခဲ့ပြီး သွေးပေါင်ချိန်တွေ ပုံမှန် မဟုတ်ခဲ့တာကြောင့် ပင်လုံဆေးရုံကြီးမှာ အရေးပေါ်လူနာအဖြစ် ဆေးရုံတင် လိုက်ရတယ်လို့ ဇနီးဖြစ်သူ ဒေါ်ခင်အေးကြူက ပြောပါတယ်။
“၁၉ ရက်နေ့က အိမ်မှာ ရေချိုးခါနီး ၅ မိနစ်လောက် သတိလစ်သွားနဲ့ အကူအညီနဲ့ လူနာတင်ကားကို ခေါ်ပြီး ပင်လုံဆေးရုံကို လာလိုက်တာ။ အခုကျန်းမာရေး သက်သာနေပါပြီ။ အခုလက်ရှိမှာလည်း ကိုယ်တွေ လက်တွေ နာနေတယ်လို့ ပြောတယ်။ ဒီနေ့ ကျောက်ကပ်ဆေးရမယ်။ ဆရာဝန်ကြီးကတော့ အထူးကုသဆောင်မှာပဲ ထားဦးမယ်ပြောတယ်။ နှလုံးက အားနည်းနေတယ်။ နှလုံးမှာသွေးခဲလေးတွေကြောင့် သွေးကြော တခန်းပိတ်ချင်တယ်လို့ ပြောတယ်”
“သူ့ကျန်းမာရေး တလျှောက်လုံးမှာလည်း နှလုံးအထူးကုနဲ့ ပတ်သက်ပြီး မကုခဲ့ရသေးဘူး။ ဆီးနဲ့ ကျောက်ကပ်ပဲ အဓိက ထားကုခဲ့ရတာပေါ့နော်။ အချိန်ကြာမယ်ဆိုရင်တော့ မြောက်ဥက္ကလာဆေးရုံဖြစ်ဖြစ်၊ ရန်ကုန်ဆေးရုံကြီးဖြစ်ဖြစ် တင်သင့်ရင် တင်ရမှာပါ။ လောလောဆယ် အခက်အခဲကတော့ သိပ်မရှိဘူး အားလုံးအဆင်ပြေပါတယ်”လို့ မန်းဝင်းရဲ့ ဇနီးက ဧရာဝတီကို ပြောပါတယ်။
လူရွှင်တော် မန်းဝင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေးကြူက စိတ်ပူပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ ပြောပါတယ်။
“ဦးမန်းဝင်းကို စိတ်ပူနေတဲ့ ပရိသတ်တွေအတွက် အခု တချိန်မှာလည်း ဦးမန်းဝင်း မသေသေးပါဘူး။ ဆုတောင်းပေးနေကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ သီလရှိသလောက်တော့ နေရဦးမှာပါ။ ကျမ ခံစားချက်ကတော့ သားတွေ၊ သမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေစေချင်သေးတယ်”
“အသက်အရှည်ဆုံးနဲ့ စိတ်အချမ်းသာဆုံးဖြစ်အောင် ကျမ ပြုစုနေပါတယ်။ မျက်စိမမြင်ရတာ တနှစ်ကျော်ကျော်လောက်တော့ရှိပါပြီ။ မိသားစုလည်း ပင်ပန်းတာပေါ့။ အိမ်မှာ ကလေးတယောက် မွေးထားရသလိုပဲ။ မိသားစုတွေ အကုန်လုံးက ပြုစုနေပါတယ်”လို့ မန်းဝင်းရဲ့ ဇနီး ဒေါ်ခင်အေးကြူက ပြောပါတယ်။
ဟာသ သရုပ်ဆောင်၊ လူရွှင်တော် မန်းဝင်းဟာ ကျောက်ကပ်ဝေဒနာ ခံစားနေရတာ နှစ်နဲ့ချီ ရှိနေပါပြီ။ သူဟာ အငြိမ့်၊ ဇာတ်ပွဲပေါင်းများစွာတို့မှာ လူရွှင်တော်အဖြစ် ကပြဖျော်ဖြေခဲ့သူ ဖြစ်ပါတယ်။ ဟာသ သရုပ်ဆောင်အနေနဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
You may also like these stories:
ဂုဏ်သိက္ခာ ထိခိုက်သဖြင့် လူရွှင်တော်များကို တရားစွဲရသည်ဟု တပ်မတော် ပြော
အနုပညာ လုပ်ဖော်ကိုင်ဖက်တွေ ပြောပြတဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ရဲ့ အကြောင်း