လက်ရှိမှာ အကောင်အထည်ဖော် ရိုက်ကူးနေဆဲဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်နဲ့ ပတ်သက်ပြီး ဝေဖန်မှုများစွာ ဖြစ်ပေါ်နေတဲ့အတွက် ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး အပြုသဘောနဲ့မြင်ပေးစေချင်တယ်လို့ သရုပ်ဆောင် မင်းညီက ပြောပါတယ်။
“ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်ပြီး ကိုလူမင်းတို့ လုပ်နေတယ်။ ကျနော်က ရိုးရိုးအမြင်နဲ့ပြောရရင် ကျနော်တို့ ပုထုဇဉ် လူသားတွေဆိုတာ သူများဘယ်လောက် ကောင်းအောင်လုပ်လုပ် ကောင်းတယ် မမြင်ကြဘူး”
“တခုခု လစ်ဟာမှုဆိုတာ ရှိမှာပဲ။ ရှိလာခဲ့ရင်လည်း ဝိုင်းထောင်းကြမှာပဲ။ အဲ့အခါကျရင်တော့ ရုပ်ရှင်ထုတ်လုပ်တဲ့သူတွေ၊ ဝိုင်းပြီးတော့ ကြိုးပမ်းနေတဲ့သူတွေ အခုကတည်းက ကြိုပြီးခံနိုင်ရည်ရှိအောင် ကြိုးစားထားပြီးသားပါ။ ဒါပေမဲ့ ဒီဟာသည် မြန်မာပြည်အတွက် ရှိကိုရှိသင့်တဲ့ ရုပ်ရှင်ဖြစ်လို့ သူတို့ ရိုက်နေတာပေါ့။ ဒါကို အပြုသဘောနဲ့ မြင်ပေးစေချင်တယ်”လို့ မင်းညီက ပြောပါတယ်။
တိုင်းပြည်က အဘက်ဘက်က နှိမ့်ကျနေတဲ့အချိန်မှာ ချို့ယွင်းချက်၊ အားနည်းချက်များ ရှိမှာဖြစ်တဲ့အတွက် လူတိုင်းရဲ့စိတ်ထဲမှာရှိတဲ့ သူရဲကောင်းကို ရုပ်ရှင်ထဲမှာ မျက်မြင်တွေ့တဲ့အခါ လိုအပ်ချက်များရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ဘာကြောင့်လဲဆိုရင် ကျနော်တို့တိုင်းပြည်ကအခုမှ ဆင်းရဲတွင်းကနေထနေတဲ့အချိန်မှာ ရုပ်ရှင်မှမဟုတ်ဘူး။ အဘက်ဘက်ကနေ နှိမ့်ကျနေတာပါ။ နှိမ့်ကျနေတာကိုမှီအောင်ကြိုးစားနေတဲ့အချိန် ချို့ယွင်းဆိုတာရှိမယ်။ အားနည်းချက်ဆိုတာ ရှိမယ်”
“ကျနော်တို့ စိတ်ထဲက သူရဲကောင်းကြီးက မျက်မြင်တွေ့လိုက်တဲ့အချိန်မှာ လိုအပ်ချက်တွေ ရှိချင်ရှိနေလိမ့်မယ်။ ဒါကိုနားလည်မှုနဲ့ကြည့်ပေးရင်တော့ ပိုကောင်းတာပေါ့။ အနုပညာရပ်တခုအနေနဲ့ ရှိသင့်တယ်ဆိုလို့ လုပ်ကြတဲ့ဟာကို အကောင်းမြင်တဲ့စိတ်နဲ့ပဲ ဝိုင်းကြည့်ပေးစေချင်တယ်” လို့ မင်းညီက ပြောပါတယ်။
ကိုယ်တိုင်လည်း သရုပ်ဆောင်တယောက်ဖြစ်သလို ဇာတ်ညွှန်းရေးသားသူတယောက်အနေနဲ့ အဆိုပါဗိုလ်ချုပ်ရုပ်ရှင်ကို ဘယ်လောက်ထိ မျှော်မှန်းထားလဲဆိုတာကို မင်းညီက အခုလိုပဲ ဆိုပါတယ်။
“ဘယ်လောက်ထိမျှော်မှန်းထားလဲဆိုရင် ကျနော်တို့ရဲ့ မြန်မာပြည် အတိုင်းအတာနဲ့ လုပ်နေတဲ့သူတွေရဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်တော့ အတတ်နိုင်ဆုံးကြိုးစားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ သာမန်ချစ်ကြိုက်ကွဲညား ရုပ်ရှင်ကားထက်တော့ ပိုပြီးကောင်းလာတဲ့ ရုပ်ရှင်ဖြစ်မှာပါ။ အဲဒါတော့ ယုံကြည်ပါတယ်” လို့ မင်းညီက ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်ကိုတော့ ဒါရိုက်တာလူမင်းက တာဝန်ယူရိုက်ကူးနေတာဖြစ်ပြီး လက်ရှိအချိန်အထိ ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။
မင်းညီကတော့ ကိုယ်တိုင်လည်း ပြီးခဲ့တဲ့နှစ်ပိုင်းက မြန်မာ့ဒီမိုကရေစီရက်သတ္တပတ်မှာ ပြသခဲ့တဲ့ “ဒီမိုရပ်ကွက်” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်းရေးသား ရိုက်ကူးခဲ့ပါတယ်။
“ကျနော်က ဒီမိုရပ်ကွက်ကားလိုပေါ့။ ရပ်ကွက်တခုရဲ့အဖြစ်အပျက် တိုင်းပြည်တပြည်လုံးရဲ့အဖြစ်အပျက်ကို သရော်တဲ့ပုံစံမျိုးပြတာပေါ့။ ကျနော်က နဂိုကတည်းကလည်း သရုပ်ဆောင်မှာ ဟာသအနေနဲ့လုပ်ခဲ့တော့ ငယ်ငယ်ကတည်းက အားကျတာက ဦးစိန်မြင့်တို့လို သဘာဝဆန်ပြီး Message ပေးနိုင်တာမျိုးတွေ သရော်တာတွေပဲ လုပ်ဖြစ်ပါတယ်” လို့ မင်းညီက ပြောပါတယ်။
လတ်တလောမှာလည်း မင်းညီက ဇာတ်လမ်းတွဲများရိုက်ကူးရန် ဇာတ်ညွှန်းများနဲ့ ရုပ်ရှင်ဇာတ်ကားကြီးများအခွင့်သာပါက ရိုက်ကူးနိုင်ရန်အတွက် ဇာတ်ညွှန်းများ ရေးသားနေတယ်လို့ ဆိုပါတယ်။
You may also like these stories:
“အောင်ဆန်း” ရုပ်ရှင်မှာ ဂဠုန်ဦးစောအဖြစ် မြစ်အရင်းဖြစ်သူ ဇော်ဇော်ပိုင် သရုပ်ဆောင်မည်
“အောင်ဆန်း” ရုပ်ရှင်မှာ ပါဝင်ကြမယ့် သရုပ်ဆောင်များရဲ့ စကားသံများ
“ဗိုလ်ချုပ်နေရာက သရုပ်ဆောင်မယ့် ကျော်ကျော်မျိုးကို အားအရဆုံးပဲ”လို့ လူမင်း ပြော