ကျိုက်ထိုမှာရှိတဲ့ စိမ်းလဲ့တင် အပန်းဖြေဥယျာဉ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့လပိုင်းက ဆိုရှယ်မီဒီယာမှာ “နေခြည်ဦး သိစေရန်” ဆိုတဲ့ စာတခု ထွက်ပေါ်လာခဲ့ပြီး အဆိုပါစာမှာ ဆိုရှယ်မီဒီယာ သုံးစွဲသူများကြားကို တော်တော်လေး ပျံ့နှံ့သွားခဲ့ပါတယ်။
အဆိုပါ စိမ်းလဲ့တင်နဲ့ ပတ်သက်တဲ့ ကိစ္စများဟာ နေခြည်ဦးရဲ့ မိသားစု စီးပွားရေးဖြစ်ပေမယ့် ဒါရိုက်တာအဖွဲ့ဝင်များထဲမှာ မပါဝင်တာကြောင့် သူနဲ့ မဆိုင်ဘူးလို့ နေခြည်ဦးက ပြောပါတယ်။
“နေခြည်နဲ့ မဆိုင်ပါဘူး။ ဖေဖေကလည်း နေခြည့်ကို ပေးမပါပါဘူး။ Management ထဲမှာ နေခြည်ကိုယ်တိုင်လည်း မပါတာဖြစ်တဲ့အတွက် ဒါဟာ Management ထဲမှာရှိတဲ့ BOD တွေ၊ ဒါရိုက်တာတွေ ဆုံးဖြတ်တာပါ။ ဖေဖေက သေချာမှာထားပါတယ်။ ဝင်မပါနဲ့ဆိုပြီး စကားအရမ်းများလို့တဲ့လေ” လို့ နေခြည်ဦးက ပြောပါတယ်။
ဖခင်ဖြစ်သူက နေခြည်ဦးအား အနုပညာရှင်တယောက် ဖြစ်နေတာကြောင့် စိမ်းလဲ့တင်အကြောင်းကို ပြန်လည် တုန့်ပြန်ပါက စကားမှားသွားရင် မကောင်းတာကြောင့် ဝင်မပါခိုင်းထားဘူးလို့ ဆိုပါတယ်။
“ဝင်မပါနဲ့လို့ ဖေဖေက ပြောထားတယ်။ ဒီထက်ဆိုးလာရင် တရားစွဲမယ်လို့တော့ ပြောတယ်။ နေခြည်လည်း ဒီကိစ္စကို ဘယ်လိုဖြစ်တာလဲလို့ မေးတယ်။ သမီးတော့ ဝင်မပါနဲ့လို့ ပြောတယ်။ နေခြည်ကအစကတည်းက BOD ထဲမှာလည်း မပါဘူး။ သားသမီးတယောက်အနေနဲ့ နေခြည် Vlog ရိုက်တာလေးပဲ ရှိတယ်”
“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအကြောင်းအရာတွေ နေခြည် မသိပါဘူး။ ဘာဆက်လုပ်နေလဲဆိုတာလည်း မသိဘူး။ ဖေဖေတင်ထားတဲ့ ပို့စ်လောက်ကိုသိပြီး သမီးဝင်မပါနဲ့ အနုပညာရှင်တယောက်ဖြစ်နေတော့ စကားတခုခု မှားသွားတာပဲဖြစ်ဖြစ်၊ React တခုခုလုပ်လိုက်တာပဲဖြစ်ဖြစ် နေခြည့်အတွက် မကောင်းဘူးဆိုတော့ ဝင်မပါပါရစေနဲ့” လို့ နေခြည်ဦးက ပြောပါတယ်။
အဆိုပါ “နေခြည်ဦး သိစေရန်” ဆိုတဲ့ စာဖတ်ပြီး နေခြည်ဦးရဲ့မိခင်က အဓိကခံစားရတာဖြစ်တဲ့အတွက် မိခင်ဖြစ်သူမှာ တိရစ္ဆာန်များကိုချစ်ရာမှ မွေးမြူလာရင်း တိရစ္ဆာန်ဥယျာဉ် ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။
“ဖတ်ရတဲ့သူ တယောက်အနေနဲ့ ပိုင်ရှင် သမီးတယောက်အနေနဲ့ အရမ်းစိတ်မကောင်းဖြစ်တယ်။ နေခြည့်အနေနဲ့က တိရစ္ဆာန် အရမ်းချစ်တတ်တဲ့ အမျိုးသမီးတယောက်ပေါ့။ မွေးတယ်ဆိုတာကလည်း အဖေက စီးပွားရေး လုပ်တာဖြစ်တဲ့ အတွက် စီးပွားရေးအရ လည်ပတ်ဖို့အတွက် ကြိုးစားရမှာပဲ။ နေခြည်တို့ကျတော့ တိရစ္ဆာန်ကို စီးပွားရေးအရ မွေးတာမဟုတ်ဘူး”
“နေခြည့်အမေဆို ကျားချည်းပဲ ၄ ကောင်လောက် ရှိတယ် မွေးထားတာ။ ကျား ၁ ကောင်ရဲ့ စားစရိတ်ပေါ့။ ဒါတောင် ကျားပဲရှိသေးတယ်။ တခြား သားရဲတိရစ္ဆာန်တွေ ရှိသေးတယ်။ ဝန်ထမ်းစရိတ်တွေ ရှိသေးတယ်။ နေခြည်တို့ကျတော့ မွေးပြီးထားလိုက်တာပေါ့။ ကုန်ကျစရိတ်အတွက်က အဖေဖြစ်နေတာပေါ့။ နေခြည့်အမေက တိရစ္ဆာန်အရမ်းမွေးလို့ တရားဝင်လိုင်စင်နဲ့ တိရစ္ဆာန်ဥယျာဉ်ဆိုပြီးဖြစ်လာတာပါ” လို့ နေခြည်ဦးက ပြောပါတယ်။
စိမ်းလဲ့တင် အပန်းဖြေဥယျာဉ်ကိုတော့ မိခင်ဖြစ်သူမှ တိရစ္ဆာန်များကိုမွေးမြူရင်း ဖခင်ဖြစ်သူက အပန်းဖြေဥယျာဉ်အဖြစ် တရားဝင်လိုင်စင်ဖြင့် မိသားစုစီးပွားရေးအနေနဲ့ ဖန်တီးပေးထားခဲ့တာဖြစ်ပြီး ပုဂ္ဂိုလ်စွဲနဲ့ ပြောဆိုနေတာမျိုးကို စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။
“လူတယောက်ကို မုန်းတီးတဲ့စိတ်ကြောင့်မို့လို့ သူ့ရဲ့မိသားစုဝင်တွေ၊ သူ့ရဲ့မိသားစု စီးပွားရေးကို ထိခိုက်အောင် လုပ်တဲ့သူတွေဆိုရင်တော့ စိတ်မကောင်းဘူး။ အဲဒါကြောင့် နေခြည့် အဖေက ဝင်ပြီးတာဝန်ယူခြင်းဖြစ်ပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ ကိုယ့်အမြင်မှာ တိရစ္ဆာန်လေးတွေ တခုခုဖြစ်တာမြင်ရင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေ ရှိပါတယ်။ ဆက်သွယ်ပေးပါ။ နေခြည့် အမေလည်း အမြဲရှိပါတယ်”
“မိသားစု စီးပွားရေးဖြစ်တာကြောင့် သုညကနေ ဒီလိုမျိုးဖြစ်လာအောင် ကိုယ့်ခြေကိုယ့်လက်နဲ့ ရုန်းခဲ့ရတာပါ။ နိုင်ငံခြားသား Management လည်း မရှိဘူး။ ကိုယ်နားလည်သလောက်လေး၊ အဆင်ပြေသလောက်လေး ကိုယ်လုပ်နေတဲ့အချိန်မှာ အဆင်မပြေတာရှိရင် နားလည်ပေးစေချင်ပါတယ်။ ပုဂ္ဂိုလ်စွဲနဲ့ လုပ်တာဆိုရင် နေခြည့်မေမေတို့ရော နေခြည်ရော စိတ်မကောင်းပါဘူး”လို့ နေခြည်ဦးက ပြောပါတယ်။
“စိမ်းလဲ့တင်” ဥယျာဉ်ကတော့ မွန်ပြည်နယ်၊ ကျိုက်ထိုမှာ ရှိတာဖြစ်ပြီး သားရဲတိရစ္ဆာန်များစွာရှိပြီး အပန်းဖြေစရာနေရာ တခုအနေနဲ့ နောက်ပိုင်းမှာ လူဝင်များတဲ့ နေရာတခု ဖြစ်လာပါတယ်။
You may also like these stories:
ခင်ပွန်းဖြစ်သူက တနှစ်နဲ့တနှစ် မရိုးအောင် Surprise လုပ်ပေးလို့ ပျော်နေတဲ့ စမိုင်းလ်
“ဗိုလ်ချုပ်ရုပ်ရှင်ကို အပြုသဘောနဲ့ မြင်ပေးစေချင်တယ်”လို့ သရုပ်ဆောင် မင်းညီ ပြော
ဟာသ သရုပ်ဆောင် မန်းဝင်း အရေးပေါ်လူနာအဖြစ် ဆေးရုံတင်ခဲ့ရ