အသံအားကောင်းကောင်းနဲ့ သီဆိုတဲ့ သီချင်းတွေကြောင့် နာမည်ကြီးတဲ့ ဗြိတိသျှ အဆိုတော် Adele ဟာ လာမယ့် ဆောင်းဦးပေါက်ကာလာမှာ အနုပညာခြေလှမ်းသစ် ပြန်စဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အဲ့ဒီ သတင်းတွေကတော့ လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ မျှဝေလာတဲ့ ဗီဒီယိုတခုကနေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ကမ္ဘာကျော် Hello သီချင်းပါဝင်တဲ့ “25” အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပြီးနောက် ငါးနှစ်နီးပါးအကြာမှာပဲ Adele က ဂီတလောက ထဲ ပြန်လည် ခြေချဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။
မီးမရှိဘဲ မီးခိုးမရှိနိုင်ဘူးဆိုတဲ့ စကားပုံလိုပဲ သူ့ရဲ့ မန်နေဂျာက အယ်လ်ဘမ်အသစ်ကို ၂၀၂၀ အတွက် စီစဉ်ထားတာ ဖြစ်တယ်လို့ ပြောဆိုထားပြီးလည်း ဖြစ်ပါတယ်။ NME မီဒီယာရဲ့ အဆိုအရ အခုတော့ အယ်လ်ဘမ် အတွက် အသံသွင်းယူမှုတွေကို လုပ်ဆောင်နေပြီဖြစ်တယ်လို့ အဆိုတော် Adele ကိုယ်တိုင်က အတည်ပြုထားပြီးဖြစ်ပါတယ်။
‘When We Were Young’ သီချင်းအဆိုတော်က လာမယ့် စက်တင်ဘာလမှာ အယ်လ်ဘမ် ဖြန့်ချိနိုင်မယ်လို့ မျှော်မှန်းထားတဲ့အကြောင်း မကြာသေးခင်တုန်းက ပြောဆိုထားပါတယ်။ အဲ့ဒီ မှတ်ချက်စကားကို အီတလီနိုင်ငံက သူ့ရဲ့ သူငယ်ချင်း လက်ထပ်ပွဲမှာ ဖျော်ဖြေနေစဉ် ပြောဆိုသွားခဲ့တာပါ။
အဲ့ဒီလက်ထပ်ပွဲမှာတော့ အဆိုတော် Adele က ‘Rolling in the Deep’ သီချင်းကို သီဆိုခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အသက် ၃၁ နှစ်ပြည့် မွေးနေ့အခါသမယဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ မေလမှာတော့ Adele က လာမယ့် အယ်လ်ဘမ်ကို “30” လို့ ခေါ်ဆိုမှာဖြစ်တယ်လို့ အရွှန်းဖောက်ပြောဆိုထားပါတယ်။ အဲ့ဒီလို ပြောဆိုရတဲ့ သဘောကတော့ ၂၀၀၈ ခုနှစ်တုန်းက “19”၊ ၂၀၁၁ ခုနှစ်တုန်းက “21” နဲ့ ၂၀၁၅ ခုနှစ်မှာ “25” စတဲ့ သူပြည့်မြောက်ခဲ့တဲ့ အသက်နှစ်တွေကို အယ်လ်ဘမ်နာမည်အဖြစ် ပေးခဲ့တာမျိုး ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ Adele ဟာ ဂရမ်မီဆု ၁၈ ခု လျာထားခံခဲ့ရပြီး ၁၅ ခုရရှိတဲ့အထိ အောင်မြင်ခဲ့ပါတယ်။
Ref:asiaone
You may also like these stories:
မင်းသား ဟယ်ရီနဲ့ ဇနီး တော်ဝင်မိသားစု နာမည် အသုံးပြုပြီး စီးပွားရှာခြင်းကို တားမြစ်ခံရ
“Parasite” ရုပ်ရှင်ကို အကောင်းဆုံးဇာတ်ကားဆုပေးလို့ ဝေဖန်လိုက်တဲ့ သမ္မတ ဒေါ်နယ်ထရန့်
သြစတြေးလျတောမီးအတွင်းက မီးသတ်သမားများကို Billboard ထောင်ပြီးဂုဏ်ပြု