ဒုတိယမြောက်အခွေထွက်ဖို့ပြင်ဆင်နေတဲ့ သရုပ်ဆောင်အဆိုတော် ဇဏ်ခီက ပွင့်လင်း ရာသီမတိုင်ခင် ဒီအခွေကို ထွက်နိုင်အောင်ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
“ကျနော်ရဲ့ တကိုယ်တော်တေးစီးရီးပေါ့။ ဒုတိယမြောက် ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆို အဲ့အခွေလေးကို အပြီးသတ်ဖို့ ကြိုးစားနေပါတယ်။ ပြီးတော့ Central Base ကနေရိုက်မယ့် ဇာတ်ကားတွေ အတွက် တူတူတိုင်ပင်နေကြတယ်။ အခွေက ဒီနှစ်ထဲတော့ ထွက်မှာပါ။ ပွင့်လင်း ရာသီမတိုင်ခင်လောက်ကို ထွက်နိင်အောင်လုပ်ပါမယ်”
“ တခွေလုံးဆိုတာတော့ ပြီး သွားပြီ။ Mixing ပဲ ကျန်တော့တာပါ။ အခွေနာမည်ကိုတော့ “Satellite အိပ်မက်များ” လို့ပေးထားတယ်”လို့ ဇဏ်ခီက ပြောပါတယ်။
Now & Ever မှာ တေးစီးရီးအခွေကလည်း ပရိသတ်အားပေးမှု အများအပြား ရရှိခဲ့ပြီး နိုင်ငံခြားသားတချို့ ကအရမ်းသဘောကျတယ်လို့ ဇနီးဖြစ်သူ ဒါရိုက်တာခရစ္စတီးနားခီကလည်း ဆိုပါတယ်။
“ကျမက သေချာကောင်းအောင် ရိုက်ချင်တယ်။ အရင်ကားတွေ ထက်လည်း ပိုကောင်းချင်တဲ့အခါ ကိုယ်သွားချင်တဲ့ လမ်းကြောင်းပေါ်မှာ ပရိသတ်က ရှိတယ်။ ငါချပြလိုက်မယ်။ ကြည့်ကြမှာပဲဆိုတာမျိုးပဲ မလုပ်ချင်တဲ့အခါ ကျမတို့ သေချာတိုင်ပင်နေတယ်”
“ Story တခုက ရှိတယ်ဆိုပေမယ့် ဇာတ်ညွှန်းက အရင်မနှစ်က သိထားတာကကောင်းတယ်လို့ ထင်ထားတာပေါ့။ ဒါပေမယ့် ဒီနှစ်ကို တနှစ်လုံးကောင်းတယ်လို့ ထင်တာနဲ့ ပြန်ယှဉ်ကြည့်ရင်လည်း မကောင်းဘူးထင်ရင် မကောင်းဘူး။ မှားနေတာလေးတွေ လိုအပ်နေတာလေးတွေ တွေ့နေရတယ်။ အဲ့အတွက် အရင်လိုရိုက်ချင်တယ်ဆိုတဲ့ စိတ်ထက် ကောင်းချင်တယ်ဆိုတဲ့ ဘက်ကို သွားနေတယ်”
“Now & Ever မှာ ဘာတွေ့ရလဲဆိုတော့ သေချာလေးဂရုစိုက်ရိုက်တော့ နိုင်ငံခြားသားတချို့ က အရမ်းသဘောကျ တယ်။ ကျမတို့ကို အခုဆိုနိုင်ငံခြားတွေ ကမ်းလှမ်းလာတာတွေ ရှိတယ်။ ဒါဟာ ကျမတို့အတွက် အကောင်းဆုံးနဲ့ သေသေချာချာ လုပ်ဖို့ဆိုတဲ့ အတွေးတွေ ရလာတယ်။ ကျမအတွက်လေးကားမြောက်က အရမ်းအရေးကြီးတယ်။ ကိုဇဏ်က သူ့ Music နဲ့ ပတ်သက်ရင် ကျမအကူအညီ မလိုတဲ့ထဲမှာ ပါတယ်။ သွားတော့ နားထောင့်ဖြစ်တယ်။ အခွေထုတ်လို့ ရနေပြီကလွဲလို့ ကျန်တာ ကျမအကူအညီမလိုပါဘူး”လို့ ခရစ္စတီးနားခီက ပြောပါတယ်။
ခီမောင်နှံဟာ “ဥပါယ်တံမျဉ်” ၊ “မုဒြာရဲ့ခေါ်သံ” စတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ အောင်မြင်တာ ဖြစ်ခဲ့ပြီး တတိယမြောက် “Now & Ever” ဇာတ်ကားနဲ့လည်း ဆက်လက်အောင်မြင်မှုရရှိခဲ့ပါတယ်။ သရုပ်ဆောင် ဇဏ်ခီကတော့ City FM ဆုပေးပွဲမှာ ရောင်းအားအကောင်းဆုံး စတူဒီယို တေးထုတ်လုပ်သူ ဆုကို ရရှိထားပါသေးတယ်။
You may also like these stories:
မကြာခင် အယ်လ်ဘမ်အသစ် ဖြန့်ချိဖို့ရှိတဲ့ အဆိုတော် Adele
“Parasite” ရုပ်ရှင်ကို အကောင်းဆုံးဇာတ်ကားဆုပေးလို့ ဝေဖန်လိုက်တဲ့ သမ္မတ ဒေါ်နယ်ထရန့်
သြစတြေးလျတောမီးအတွင်းက မီးသတ်သမားများကို Billboard ထောင်ပြီးဂုဏ်ပြု