ဦးနှောက်သွေးကြော ပိတ်သွားတဲ့အတွက် ရုတ်တရက် ဆေးရုံတက်ပြီး ကုသမှု ခံယူခဲ့ရတဲ့ ဟာသ သရုပ်ဆောင် ဗေလုဝဟာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်သလို အကယ်ဒမီပေးပွဲကိုလည်း ကျန်းမာရေးကောင်းမွန်နေရင် တက်ရောက်ဖြစ်လိမ့်မယ်လို့ ဇနီးဖြစ်သူ ဒေါ်စုစုခိုင်က ဆိုပါတယ်။
“ပရိသတ်တွေပို့သပေးကြတဲ့ မေတ္တာကြောင့် ဦးဗေမြန်မြန် ပြန်ကောင်းလာတဲ့အတွက် ပရိသတ်တွေကိုလည်း ကျေးဇူး တင်ပါတယ်။ အနုပညာအလုပ်တွေရော စာပေဟောပြောပွဲတွေရော ဦးဗေလုပ်နိုင်ရင် ပြန်လုပ်ခိုင်းမှာပါ။ အကယ်ဒမီပေး ပွဲလည်း ကျန်းမာရေးကောင်းလို့ တက်နိုင်ရင် တက်ပါမယ် ”လို့ သရုပ်ဆောင် ဗေလုဝရဲ့ ဇနီးဒေါ်စုစုခိုင်က ဧရာဝတီကို ကပြောပါတယ်။
လက်ရှိကျန်းမာရေးအခြေအနေနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။
“အခုကျန်းမာရေးက ပြန်လည်ကောင်းမွန်လာပါပြီ။ ဆေးရုံမှာတုန်းက စကားမပြောနိင်သေးဘူး။ အခု လမ်းလျှောက် လာနိုင်တယ်။ စကားပြောနိုင်လာအောင် တရုတ်ဆရာလေးက လုပ်ပေးတာပေါ့။ ဦးဗေကိုယ်တိုင်ကလည်း အသေအချာ လုပ်တယ်။ အကုန်လည်း မှတ်မိနေပါတယ်။ လူတွေလည်း မှတ်မိနေပါပြီ။ ရန်ကုန်မှာပဲ ကုသမှုတွေ ခံယူနေတာ သက်သာနေလို့ ဘန်ကောက်ထိ သွားရောက်ကုသဖို့ မလိုတော့ဘူး”
“ အသေအချာ ကောင်းမွန်ဖို့ကတော့ အချိန်လေး နည်းနည်း ယူရဦးမှာပေါ့။ လေးငါးလလောက်တော့ ကုသမှုတွေ လုပ်နေရဦးမယ်။ ဦးဗေနဲ့တည့်တာလေးတွေ ချက်ကျွေးဖြစ်တယ်။ အခုတော့ ကျန်းမာလာတဲ့အတွက် စိတ်တော့ ချမ်းသာရတာပေါ့။ နောက်ထပ်မဖြစ်အောင် ဂရုစိုက်နေရတာပေါ့”လို့ ဗေလုဝရဲ့ ဇနီးက ဆိုပါတယ်။
ဟာသ သရုပ်ဆောင် ဗေလုဝဟာ ဇန်နဝါရီ ၁၁ ရက်နေ့က ဦးနှောက်သွေးကြော ပိတ်သွားတဲ့အတွက် ရုတ်တရက် ဆေးရုံတက်ပြီး ကုသမှု ခံယူနေရတာပါ။ ဆေးရုံတက်နေစဉ်အတွင်း ကွယ်လွန်ပြီဆိုပြီး သတင်းမှားတွေလည်း တက်လာခဲ့ပါသေးတယ်။
ဟာသ သရုပ်ဆောင် ဗေလုဝဟာ အနုပညာ အလုပ်တွေအပြင် မြို့၊ ရွာတွေမှာရှိတဲ့ စာပေဟောပြောပွဲ တွေမှာလည်း တတပ်တအား ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်လုပ်ငန်းအဖြစ် “လယ်သူမ” ဆိုတဲ့ မြန်မာထမင်းဆိုင် ဖွင့်လှစ်ထားပါတယ်။ ဗေလုဝက “ဤအရာကို အချစ်လို့ခေါ်သလား” ရုပ်ရှင်နဲ့ အကယ်ဒမီဆု ရရှိထားသူ ဖြစ်ပါတယ်။
You may also like these stories:
ဟာသ သရုပ်ဆောင် မန်းဝင်း အရေးပေါ်လူနာအဖြစ် ဆေးရုံတင်ခဲ့ရ
ကျန်းမာရေး ပြန်လည် ကောင်းမွန်လာလို့ ဆေးရုံက ဆင်းတော့မယ့် ဗေလုဝ