တချိန်က ကေသီပန် ဆေးကြော်ငြာနဲ့ နာမည်ရခဲ့တဲ့ လူရွှင်တော်၊ ဟာသ သရုပ်ဆောင် ဧရာက ကျန်းမာရေးပြန်ကောင်း လာလို့ တနိုင်တပိုင်စီးပွားရေးလည်း လုပ်ကိုင်နေသလို အနုပညာကို အခွင့်အရေးရသလောက်လေးတော့ လုပ်ချင်တယ် လို့ဆိုပါတယ်။
“ကျနော် တရက်စာလေးတွေ ခေါ်ရိုက်ကြတယ်။ ကျောင်းဆရာခန်းက နေခေါ်ရိုက်မယ်တော့ ဦးဟိန်းစိုးကပြောတယ်။ အခုချိန်မှာ ငွေရေးကြေးရေးထက် ကိုယ့်ကို အားပေးခဲ့တဲ့ အနုပညာအလုပ်ကလေးတော့ ဘယ်သူမဆို လုပ်ချင်တာပေါ့။ အခွင့်အရေးလေးပြန်ရတော့လည်း အကောင်းဆုံးတော့ လုပ်ရတာပေါ့။ ကျနော်အနုပညာမလုပ်ရတဲ့အချိန်မှာ အနုပညာအလုပ်တွေကို အရမ်းလုပ်ချင်တာလေ”
“ ကျန်းမာရေးကိုစိုးရိမ်နေရင်တော့ ကျနော်ဘယ်တော့မှ ဒီအလုပ်ပြန်လုပ်ဖြစ်မှာ မဟုတ်ဘူးလေ။ အဲ့တော့ ဖြစ်ခါမှဖြစ်ရော အခွင့်အရေးရသလောက်လေးတော့ လုပ်ချင်တယ်။ ကိုယ့်အသက်နဲ့ ကျန်းမာရေးအရ မလုပ်နိုင် တော့တာကိုလည်း သိနေတော့ သိပ်မခံစားရပါဘူး”လို့ ဧရာက ဆိုပါတယ်။
ကျန်းမာရေးနဲ့ ပတ်သက်လို့လည်း အခုလိုပြောပြပါတယ်။
“ကျနော်ကျန်းမာရေး အခြေအနေက ကျနော်မှာ ဆီးချိုတို့ သွေးတိုးတို့ နှလုံးတို့ ဘာမှမရှိဘူး။ ကျနော်မှာ ကားရိုက်ရင်းနဲ့ ခါးကျိုးထားတာကို ဆီလီကွန်အစားထိုးထားတာ မူလီခြောက်လုံးစုပ်ထားရတယ်။ အရိုးဆရာဝန်လေးက တော်ပါတယ်။ ဒီဟာကို ဓာတ်မှန်ရိုက်တဲ့အခါမှာ ဟိုက ဆရာဝန်တွေက ရန်ကုန်က ဆရာဝန်ကို ချီးကျူးကြတယ်။ အခုလို ခါးဖြစ်ထားလို့ လမ်းကောင်းကောင်းမလျှောက်နိုင်ဘူး။ ကြာကြာမထိုင်နိုင်ဘူး။ ကားရိုက်ရင် ပြေးရမှာတို့ ကြာကြာရပ်ရမယ့် အခန်းတွေ ရိုက်လို့မရဘူး”လို့ ဧရာကပြောပါတယ်။
စာရေးဆရာလည်းဖြစ်တဲ့ ဧရာက လက်ရှိမှာ “သူဌေးသူခိုး” ဆိုတဲ့ ၃အုပ်မြောက်စာအုပ်ဖြစ်ထွက်ဖို့ ပြင်ဆင်နေပြီး အားပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ဆိုပါတယ်။
“ကျနော်အခု စာအုပ်က နှစ်အုပ်ထုတ်ထားတယ်။ “နွားကျောင်းသားအိပ်မက် ၁၆ချက်” နဲ့ “ဟင်းချက်မစားတဲ့ ရပ်ကွက်” ဆိုပြီး နှစ်အုပ်ထွက်ထားတယ်။ အခု ဟာသလေးတွေ ပါတဲ့ “သူဌေးသူခိုး” ဆိုတဲ့ စာအုပ်လေးရေးနေတယ်။ အဲ့စာအုပ်ကလည်း သူဌေးတယောက်ဖြစ်တာတောင် သူများပစ္စည်းတွေ ခိုးတတ်ဖွက်တတ်တဲ့ ဝါသနာလေးတွေ ရှိတယ်လေ။ အဲ့ဒါလေးကို မြင်ဖူးလို့ ဟာသဖွဲ့ပြီး ရေးထားတာလေးပါ”
“အခုကျနော်အနုပညာအလုပ်တွေ မလုပ်နိုင်ဘဲ စီးပွားရေးလုပ်နေတော့ စိတ်မကောင်းဖြစ်ကြတယ်။ ကြင်နာပေးကြတဲ့ ပရိသတ်တွေ ကျေးဇူးတင်ပါတယ်။ လူတိုင်းမှာ အခက်အခဲတွေ ရှိတယ်။ လူတွေ အားလုံးက အပျော်ထက် ဘဝအမော တွေကို ပိုခံစားရတယ်။ အဲ့အတွက် ကျနော်က လူရွှင်တော်လုပ်တာ သူတို့ ပျော်စေချင်တာ သူတို့ ပျော်နေရင် သူတို့ အပျော်တဝက် ကိုယ်ပြန်ခံစားရတယ်။ အဲ့အတွက် ကျနော်ကို အားပေးကြတဲ့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ် ”လို့ ဧရာကပြောပါတယ်။
အနုပညာသက်တမ်း နှစ် ၄၀ ကျော်ရှိပြီဖြစ်တဲ့ ဧရာဟာ ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ ရယ်မောစရာတွေ ဖန်တီးပေးတတ်တဲ့ လူရွှင်တော်တဦးပါ။ ဧရာအနေနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းကတည်းက ခါးနာတဲ့ဝေဒနာကိုခံစားခဲ့ရပြီး မကြာခဏ ဆိုသလို ဆေးရုံတက်ရောက်ကာ ကုသမှု ခံယူခဲ့ရပါသေးတယ်။
You may also like these stories:
လူအများကို ပျော်ရွှင်စေခဲ့ပေမယ့် ဘဝနောက်ဆုံးအချိန်မှာ မပျော်ရွှင်ခဲ့ရတဲ့ ကစ်ကစ်
“ရွှေကြိုခေါ်ပြီး ရန်ပုံငွေရှာတာ ရုပ်ရှင်အစည်းအရုံးအတွက် အမည်းစက်ပဲ”လို့ မင်းမြတ်စိုးစံ ပြေ