သရုပ်ဆောင် ခန့်စည်သူကတော့ ဒီနှစ်အကယ်ဒမီပေးပွဲမှာ ဘယ်သူပဲ အကယ်ဒမီဆုကို ရရ ဝမ်းသာပြီး မုဒိတာ ပွားမှာပါလို့ ဆိုလိုက်ပါတယ်။
“အကယ်ဒမီမှာ ဘယ်သူပဲ ရရ ဝမ်းသာမှာပါ။ မုဒိတာပွားမှာပါ။ ကျနော်တို့ကတော့ လုပ်နိုင်သလောက် လုပ်တတ် သလောက် ဇာတ်ကားတွေ မှာ အကောင်းဆုံးလုပ်ပြရမှာပေါ့။ အကယ်ဒမီက တနှစ်နဲ့ တနှစ် အကဲဖြတ်တဲ့ သူတွေလည်း မတူဘူး။ သူတို့ မျက်လုံးထဲမှာ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်တယ်။ ပြောင်မြောက်တယ်ဆိုရင်ပေးမှာပဲ။ အကယ်ဒမီရခြင်း၊ မရခြင်းဆိုတာ ကုသိုလ်ကံနဲ့လည်းဆိုင်တယ်။ အကယ်ဒမီမရတဲ့ သူကလည်း အရမ်းညံ့လို့မရတာမဟုတ်ဘူး”
“ အကယ်ဒမီ ရတဲ့ သူနဲ့ မရတဲ့ သူယှဉ်ရင်လည်း သိပ်မကွာခြားပါဘူး။ ကုသိုလ်ကံကောင်းတဲ့ သူက ရသွားတာပေါ့။ အခုတော့ ၂၉ကား ထွက်လာတာတွေ့ရတယ်။ ကောင်းတဲ့ကားတွေ အများကြီးပါသလို ကောင်းတဲ့ ကားတွေလည်း ပြုတ်တာတွေ့ တယ်။ အကယ်ဒမီကို ရင်ခုန်စရာကောင်းတဲ့ အကယ်ဒမီတော့ ဖြစ်စေချင်တယ်။ အကယ်ဒမီဆိုတာ အရမ်းမျှော်ပြီးလွဲခဲ့တဲ့ နှစ်တွေလည်းရှိတယ်။ ကျနော်ကိုယ်တိုင်လည်း ၂နှစ်ရှိပြီလွဲတယ်။ ဒီနှစ် “သမီးလေးရွာ” လည်းမှန်းတယ်။ ၂၉ကားမှာတောင် မပါဘူး။ ဒီနှစ်တော့ ထွေထူးရင်ခုန်စရာမရှိဘူးပေါ့ ”လို့ ခန့်စည်သူကပြောပါတယ်။
၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကဆိုရင်အကဲဖြတ်တွေက ပရိသတ်ရင်ဘတ်နဲ့ အနီးစပ်ဆုံးဖြစ်အောင် အကဲဖြတ်မှာပါလို့ဆိုတဲ့ ခန့်စည်သူက ကွဲလွဲမှုတွေလည်း နည်းနည်းရှိကောင်းရှိနိုင်ပါလိမ့်မယ်လို့လည်း ဆိုပါတယ်။
“အကယ်ဒမီကတော့ ကျနော်တို့ပါတဲ့ ဇာတ်ကားတွေလည်းရှိတော့ အကဲဖြတ်လုပ်လို့ မရဘူးပေါ့။ အကယ်ဒမီ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုကို ပြန်ပြီးတော့ အသိအမှတ်ပြု၊ ဂုဏ်ပြုပေးတဲ့ ဆုတခုအနေနဲ့ ခံယူထားတယ်။ အကယ်ဒမီဆိုတာက အနုပညာလောက၊ ရုပ်ရှင်လောကမှာ အမြင့်ဆုံးပွဲ၊ အကယ်ဒမီဆု ဆိုတာကလည်း ကိုယ့်ဘဝမှာ မှတ်တိုင်တခုပေါ့။ ဘယ်သူမဆို စိုက်ထူချင်ကြတာပါပဲ
“ ကိုယ်မရလည်း အနုပညာမှတ်တိုင် စိုက်ထူနိုင်သွားတဲ့ အနုပညာ မောင်နှမတွေအတွက် တက်ရောက်ချီးမြင့်ပေးရမှာပေါ့။ ဒီနှစ်မှာ အကဲဖြတ်ကြမယ့် ဒိုင်တွေကလည်း ပရိသတ်ရင်ဘတ်နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ကြိုးစားပြီးတော့ အကဲဖြတ်ကြ တယ်။ အကဲဖြတ်ဒိုင်လူကြီးတွေရဲ့ အင်တာဗျူးတွေကိုလည်း ကြည့်ခြင်းအားဖြင့် သူတို့လည်း ပရိသတ်နဲ့ အနီးစပ်ဆုံးဖြစ် အောင် လုပ်ကြမှာပါ။ ကွဲလွဲမှုတွေလည်း နည်းနည်းရှိကောင်းရှိနိုင်ပါလိမ့်မယ်”လို့ ခန့်စည်သူကပြောပါတယ်။
ခန့်စည်သူရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း(၃၀) ဝန်းကျင်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ခန့်စည်သူဟာ ၂၀၀၈ ခုနှစ်တုန်းက “အများနှင့် မသက်ဆိုင်သောသူ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု” ကို ရရှိထားသူ ဖြစ်ပါတယ်။
လက်ရှိမှာလည်း “မေတ္တာသိင်္ဂဟ” အသင်းကို ဦးဆောင်ပြီး ပရဟိတအလုပ်တွေ လုပ်ဆောင် နေပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။
You may also like these stories:
“သူစိမ်းအိမ်” ဇာတ်ကားနဲ့ အကယ်ဒမီရမယ်လို့ ခန့်မှန်းခံနေရတဲ့ ထွန်းအိန္ဒြာဗိုလ်]
ကျန်းမာရေးကောင်းရင် အကယ်ဒမီပေးပွဲတက်ဖြစ်မယ့် ဟာသ သရုပ်ဆောင်ဗေလုဝ
“ဒီနှစ် အကယ်ဒမီ ဆုပေးပွဲတက်ဖို့ မသေချာဘူး”လို့ ခီမောင်နှံ ပြော