မကြာခင်ရုံတင်ပြသတော့မယ့် “လေဒီဒိန်းဂျား” ဇာတ်ကားကို ရိုက်ကူး ပုံဖော်ထားတဲ့ ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ဒီဇာတ်ကားကြီးက မိန်းကလေးတွေကို အားပေးတဲ့ ဇာတ်ကားဖြစ်တယ်လို့ ဆိုပါတယ်။
“မိန်းကလေးတွေ အားပေးတဲ့ ဇာတ်လေး လုပ်ချင်တယ်လို့ ထုတ်လုပ်ရေးကပြောတော့ ပွင့် ကလည်း အားပေးတယ် လုပ်ဆိုပြီး ဒီ “လေဒီဒိန်းဂျား” ဇာတ်ကားဖြစ်လာတာပေါ့။ ရယ်စရာတွေပါတယ်။ မိန်းကလေးတွေ ဘယ်လိုနေရမယ် ထိုင်ရမယ်။ အိမ်ထောင်သည်တွေလည်း ဘယ်လိုနေရမယ် ထိုင်ရမယ်ဆိုတာကို မအူဝဲက မခိုင်ကြီးနဲ့ မသုကို သင်ပြပေးတဲ့ ပုံစံလေး ရိုက်ထားတယ်”
“ ဒီကားထဲမှာ အမှတ်တရက အန်တီခိုင်ကြီးကို ဟာသတွေ လျှောက်လုပ်ခိုင်းတာ အန်တီခိုင်ကြီးက ဟာသ မလုပ်ဘူးသာပြောတာလေ။ သူလုပ်ရင် အရမ်းရယ်ရတာ။ အဲ့ဒါကို အရမ်းကြိုက်တာ။ မခိုင်ကြီးက မရ ရအောင်လုပ်ပေးပါတယ်။ မခိုင်ကြီးအခန်းတွေ ပြန်ကြည့်တော့ သဘောကျတယ်။ အန်တီ ခိုင်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ မခိုင်ကြီးရဲ့ ဟယ်လို ဒါလင် အခန်းဆိုလည်း အရမ်းပေါက် သွားတယ်”
“ ပွင့်က သရုပ်ဆောင်ကြီးတွေနဲ့ရိုက်တော့ ရိုက်ကူးနေချိန်မှာ စိုးရိမ်တာတွေ ရှိတယ်။ ဒါပေမဲ့ သရုပ်ဆောင်တွေက ပွင့် ဘာပြောပြော၊ ဘာလုပ်လုပ် ယုံကြည်လက်ခံပေးလို့ ကျေးဇူးတင်ရပါတယ်”လို့ ဒါရိုက်တာပွင့်သိင်္ဂီဇော်က ပြောပါတယ်။
မိန်းကလေး မဆန်တဲ့ ပွင့်သိင်္ဂီဇော်က ချစ်သူရဲ့ လက်ညိုးထိုးပြီး စကားပြောတာ လက်မခံဘူးလို့ ဆိုပါတယ်။
“ပွင့်က မိန်းမ မဆန်တဲ့ ထဲမှာပါတယ်။ မိန်းကလေးတွေကို ဘယ်လိုနေရမယ်ဆိုတာထက် ပညာ ပြန်ပေးစေချင်တာ။ ပွင့် တချို့ သူငယ်ချင်းတွေကို အားမရဘူး။ ယောကျာ်းလေးက ဆဲလည်း ခံလိုက်တာပဲ။ ရိုက်ရင်လည်း ခံလိုက် တာပဲ။ ပြီးရင် ပြတ်ပြီး၊ ပြတ်ပြီနဲ့ ငိုငိုပြီး ရောက်လာတယ်။ သူဆဲရင် ကိုယ်လည်းပြန်ဆဲ၊ သူရိုက်ရင် ကိုယ်လည်း ပြန်ရိုက်ပေါ့။ အဲ့လိုလည်း မလုပ်ဘူး။ ပြီးရင်လည်း မပြတ်နိုင်ဘူး”
“ပွင့်တို့ မိန်းမတွေက အနစ်နာခံချင်စိတ် တအားများတယ်။ အမေစိတ်တွေလေ။ ပွင့်ကတော့ ကိုယ်စိတ်ချမ်းသာတာကိုပဲ ရွေးစေချင်တယ်။ စိတ်မချမ်းသာ ရင် ဆက်မတွဲနဲ့ပေါ့။ အဲ့လိုမျိုးတွေကြောင့် ဒီ လေဒီဒိန်းဂျားလေးတော့ ကြည့်စေချင်တယ်။ ပွင့်ကတော့ ချစ်သူ ရဲ့ လက်ညိုးထိုးပြီး စကားပြောတာက အစ အကျင့်မလုပ်ဘူး။ အခုချိန်ထိ လက် ပါတာတွေ မလုပ်ခံရဘူး။ ပြောစရာရှိရင်တောင် ကိုယ်ကပဲ ပြောလိုက်တာ”လို့ ပွင့်သိင်္ဂီဇော်က ပြောပါတယ်။
ဒါရိုက်တာ ပွင့်သိင်္ဂီဇော်ရိုက်ကူးထားတဲ့ “လေဒီဒိန်းဂျား” ဇာတ်ကားကိုတော့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကစပြီး ရုံတင်ပြသ တော့မှာဖြစ်ပြီး ဒီဇာတ်ကားထဲမှာတော့ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗိုလ် ၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု တို့နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“လေဒီဒိန်းဂျား” ဇာတ်ကားကြီးမှာ စီနီယာ ၂ ယောက်နဲ့ ပါဝင်ခွင့်ရလို့ ဝမ်းသာနေတဲ့ ပိုင်ဖြိုးသု
“ကျနော်က အပြင်မှာ မိန်းကလေးတွေကို တန်ဖိုးထားတယ်”လို့ ပြောတဲ့ စည်သူဝင်း