တောင်ကိုရီးယားနိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါပိုး လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့နေမှုကြောင့် လူထူထပ်တဲ့ ရုပ်ရှင်ရုံတွေကို လူဝင်နည်းလာလို့ ရုပ်ရှင်လုပ်ငန်းမှာ ထိခိုက်မှုတွေ ဖြစ်ပေါ်နေပြီး အသစ်ဖြန့်ချိ ပြသဖို့ရှိတဲ့ ရုပ်ရှင်တွေကိုလည်း ခေတ္တရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယသီတင်းပတ်မှာ ပြန်နာလန်ထူလာတဲ့ ရုပ်ရှင်ပရိသတ်အရေအတွက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ အရေအတွက် ထိုးကျသွားခဲ့တယ်လို့ ဆိုပါတယ်။
ကိုရီးယားရုပ်ရှင်ကောင်စီရဲ့ အဆိုအရ ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ရုပ်ရှင်ကြည့်တဲ့ ပရိသတ်အရေအတွက်ဟာ ၄ သိန်း ၇ သောင်း ကျော်သာရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီကိန်းဂဏန်းအရ ပြီးခဲ့တဲ့ သီတင်းပတ်ကနေကြည့်မယ်ဆိုရင် ၆၀ ရာခိုင်နှုန်းနီးပါးလောက် ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။
နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Jeon Do-yeon နဲ့ Jung Woo-sung တို့ပါဝင်ထားကြတဲ့ “Beasts Clawing at Straws” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ဖြန့်ချိခဲ့ချိန် ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက် ခဲ့ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာတော့ ကြည့်တဲ့ ပရိသတ်ဟာ ၁ သိန်း ၆ သောင်းကျော်သာရှိခဲ့ပါတယ်။
COVID-19 ဗိုင်းရပ်စ်ပိုးဟာ နိုင်ငံတဝန်း ပျံ့နှံ့နေချိန်မှာပဲ နောက်ထပ်ရုပ်ရှင်အသစ် ဖြန့်ချိပြသမှုတွေကို ရွှေ့ဆိုင်းထားပြီး ပရိုမိုးရှင်းအခမ်းအနားတွေကို ဖျက်သိမ်းထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စလို့ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထားချိန်မှာပဲ Walt Disney Company Korea ကုမ္ပဏီက လာမယ့် မတ်လမှာပြသဖို့ စီစဉ်ထားတဲ့ “Onward” ရုပ်ရှင်ကို လာမယ့် ဧပြီလအထိ ရွှေ့ဆိုင်းထားလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
လူအများစိတ်ဝင်စားနေကြတဲ့ အော်စကာဆုရ “Parasite” ရုပ်ရှင်ရဲ့ အဖြူ၊အမည်းဗားရှင်းကို လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားပေမယ့် အဲ့ဒါကိုလည်း ရွှေ့ဆိုင်းထားလိုက်ပါတယ်။ အမေရိကန်သည်းထိတ်ရင်ဖိုရုပ်ရှင် “Brahms: The Boy II” ကို လာမယ့် မတ်လ ၅ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် စာနယ်ဇင်းမိတ်ဆက်ပွဲ အခန်းအနား အားလုံးကို ဖျက်သိမ်းထားပါတယ်။
လာမယ့် သီတင်းနှစ်ပတ်အတွင်း ရုပ်ရှင်ရုံတွေမှာ ပြသဖို့ စီစဉ်ထားတဲ့ “Time to Hunt” , “Innocence” , “Call” နဲ့ “The Wandering Chef” ရုပ်ရှင်တွေ ပြသမယ့် ရက်ကိုလည်း ရွှေ့ဆိုင်းထားပါတယ်။
Ref: Yonhap
You may also like these stories:
ဘောလိဝုဒ် ရုပ်ရှင်လုပ်ငန်းကို ချီးကျူးလိုက်တဲ့ သမ္မတ ဒေါ်နယ်ထရန့်
ကျောက်ကပ်ကျန်းမာရေးအတွက် လူတိုင်းစားပေးသင့်တဲ့ အစားအစာများ
တရုတ်နိုင်ငံပြင်ပ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်လာတဲ့ တောင်ကိုရီးယားနိုင်ငံ