အခုနောက်ပိုင်း လူအများ ယုံကြည်သက်ဝင်ကာ အဓိဋ္ဌာန် ပြုလုပ်ကြတဲ့ ညောင် ၁၀ ပင် အဓိဋ္ဌာန်ကို ဝင်နေတာ အကြိမ်ရေ များလာပြီဖြစ်တဲ့ အဆိုတော် ဆိုဖီယာကတော့ ဘာသာရေးကို ယုံကြည်သက်ဝင်ပြီးလုပ်တဲ့အတွက် ခံစားရမှာ ကိုယ်တိုင်ပဲလို့ ပြောပါတယ်။
“ညောင် ၁၀ ပင် အဓိဋ္ဌာန်က အခု စတုတ္ထအကြိမ် ပြီးသွားပြီပေါ့။ လုပ်ဖြစ်နေတယ်။ နောက်တပတ် ထပ်ဝင်ဖြစ်ဦးမှာပါ။ Post တွေတင်ဖြစ်တယ်ဆိုတာကလည်း ဘာသာရေးလုပ်ပါတယ်ဆိုတာကို ကြွားတဲ့သဘောနဲ့တင်တာ မဟုတ်ဘူး။ ဘေးက လူတွေကိုလုပ်စေချင်လို့။ ဆိုဖီလည်း သူများတင်တာတွေ့လို့ လုပ်ဖြစ်တာလေ။ ယုံကြည်ပြီးတော့လုပ်ဖြစ်တာ။ ကိုယ့်လိုပဲ ကိုယ့်ပတ်ဝန်းကျင်ကလူတွေလည်း ယုံကြည်ပြီး လိုက်လုပ်ရင်ကောင်းတာပေါ့”လို့ ဆိုဖီယာက ပြောပါတယ်။
ဘာသာရေးလုပ်တာကို ဝေဖန်ကြတာနဲ့ ပတ်သက်ပြီးတော့လည်း ဆိုဖီယာက “ဘယ်လိုပဲ ဝေဖန်ဝေဖန် ကိုယ့်ဘာသာ ယုံကြည်သက်ဝင်ပြီး လုပ်တယ်။ အဲ့အတွက်ခံစားရမှာ ကိုယ်တိုင်ပဲ။ မယုံကြည်တဲ့သူကတော့ သူ့ဟာနဲ့သူ ခံစားရမှာပေါ့” လို့ ပြောပါတယ်။
ဘာသာရေးလုပ်တဲ့အခါမျိုးမှာ အဓိဋ္ဌာန်တဲ့အကျိုးကို မျှော်ကိုးပြီးလုပ်တာလား ဆိုတာကိုလည်း ဆိုဖီယာက အခုလိုပြောပါတယ်။
“အမှန်အတိုင်းပြောရရင် လူတိုင်းက အဲဒါအတွက် လုပ်ကြတာ။ အနည်းနဲ့အများတော့ ပါမှာပဲ။ ဒါပေမဲ့ ယုံကြည်မှုလေး တခုပေါ့။ ငါတော့ ဒါလေးအဆင်ပြေရင် ကောင်းမှာပဲ။ ဒီညောင် ၁၀ ပင်လေး ဝင်လိုက်မယ်။ အားလုံးက ရည်ရွယ်ချက် ရှိကြမယ်။ မပြောတာပေါ့။ ဘာမှမပါဘဲ လုပ်နိုင်တဲ့သူကတော့ ကုသိုလ် အပြည့်အဝ ရတာပေါ့” လို့ ဆိုဖီယာက ပြောပါတယ်။
အခုအချိန်ထိ ညောင်ဆယ်ပင် အဓိဋ္ဌာန်ဝင်လာတာ တတိယအကြိမ်ရှိပြီဖြစ်ပြီး နောက်ထပ် စတုတ္ထအကြိမ် အဓိဋ္ဌာန်ကိုလည်း ဆက်လက် လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဆိုဖီယာကတော့ ဂီတလှုပ်ရှားမှုအနေနဲ့လည်း စန္ဒီမြင့်လွင်နဲ့ အတွဲခွေ ထွက်ဖို့ရှိပြီး သူမရဲ့တကိုယ်တော်အခွေလည်း ထွက်ဖို့ရှိတယ်လို့သိရပါတယ်။ အဆိုပါ တကိုယ်တော်အခွေကိုလည်း မတ်လအစမှာထွက်ဖို့အတွက် ပြင်ဆင်ထားပြီး သင်္ကြန်သီချင်းလည်း ဖန်တီးနေတယ်လို့ သိရပါတယ်။
You may also like these stories:
မေမဒီနဲ့အတူ “ယာယီ” ဆိုတဲ့ သီချင်းအသစ် ဖန်တီးထားတဲ့ ဆိုဖီယာ
ဒုတိယမြောက် တကိုယ်တော်တေးစီးရီးထွက်ဖို့ စီစဉ်နေတဲ့ ဇဏ်ခီ