Entertainment

ကမ္ဘာကျော် ဇီဝအကြမ်းဖက်သမားအဖြစ် သရုပ်ဆောင်မယ့် မင်းသမီး Priyanka Chopra

နာမည်ကျော် ဘောလိဝုဒ်မင်းသမီး Priyanka Chopra ဟာ Amazon Studios ကနေ ရိုက်ကူးမယ့် “Sheela” ရုပ်ရှင်မှာ အဓိက မင်းသမီးအဖြစ် ပါဝင်လာမယ်လို့ သိရပါတယ်။

၁၉၈၄ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတခုကို ပြင်ဆင်ပေးဖို့ ကြိုးပမ်းတဲ့အနေနဲ့ Wasco ကောင်တီမှာရှိတဲ့ ဒေသဆိုင်ရာ စားသောက်ဆိုင်တွေကို အဆိပ်ခတ်ခဲ့ပြီး အကြီးမားဆုံး ဇီဝအကြမ်းဖက် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သူ Sheela ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။

သူဟာ Rajneesh လှုပ်ရှားမှုမှ ခေါင်းဆောင်ဖြစ်တဲ့ Bhagwan Shree Rajneesh ရဲ့အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့ချိန်မှာ လဝက ကတ်အတုလုပ်မှု၊ လက်နက်ကိုင်ဆောင်မှု၊ သူလျှိုလုပ်မှု၊ ဖုန်းကြားဖြတ်နားထောင်မှုတို့နဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

အော်ရီဂွန်ပြည်နယ်မှာရှိခဲ့တဲ့ လှုပ်ရှားမှုအဖွဲ့၊ ဒေသခံတွေ၊ အရာရှိတွေရဲ့ကြားက ပဋိပက္ခကို အခြေခံထားတဲ့ Netflix မှတ်တမ်းစီးရီး “Wild Wild Country” ရဲ့ ကျေးဇူးကြောင့် Sheela ရဲ့ ဇာတ်ကြောင်းက တဖန် လူပြောများလာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ကို Barry Levinson က ရိုက်ကူးမှာဖြစ်ပြီး Priyanka, Jason Sosnoff နဲ့ David Permut တို့က ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။

မင်းသမီး Priyanka ဟာ The Matrix ရုပ်ရှင်အသစ်မှာပါဝင်ဖို့ ဆွေးနွေးနေတာလည်း ရှိပါတယ်။ သူဟာ အဲ့ဒီသိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်စီးရီးရဲ့ စတုတ္ထမြောက် ဇာတ်ကားမှာ ပါဝင်ဖို့ ပြင်ဆင်နေပေမယ့် သူ့ပါဝင်ရမယ့် ဇာတ်ကောင်အကြောင်းကတော့ လောလောဆယ် သိရှိရခြင်း မရှိသေးပါဘူး။

“Matrix 4” ရုပ်ရှင်ကတော့ နာမည်ကျော် သိပ္ပံစိတ်ကူးယဉ် စီးရီးကို ပြန်လည်ဖော်ထုတ်မှုဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ဖြန့်ချိပြသဖို့ ပြင်ဆင်ထားပါတယ်။ မူရင်း ရုပ်ရှင်ကိုတော့ နောက်ဆက်တွဲ ရုပ်ရှင်နှစ်ခုနဲ့အတူ ၁၉၉၉ ခုနှစ်မှာ စတင်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်မှာ မင်းသား Keanu Reeves နဲ့ မင်းသမီး Carrie-Anne Moss တို့က Neo နဲ့ Trinity တို့အဖြစ် ပြန်လည်ပါဝင်လာကြမှာဖြစ်ပြီး ဒါရိုက်တာ Lana Wachowski က ရုပ်ရှင်ကို ရိုက်ကူးမှာဖြစ်ပါတယ်။

ပထမဆုံး ရုပ်ရှင် ၃ ကားလုံးမှာ အေးဂျင့် Smith အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Hugo Weaving ကတော့ အချိန်ဇယား တိုက်နေတဲ့အတွက် ပြန်လည်ပါဝင်လာတော့မှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။

Ref: asiaone

You may also like these stories:

ရုပ်ပြအတိုင်း ပြန်လည် ရိုက်ကူးဖို့ရှိနေတဲ့ “Teenage Mutant”

ဘာသာရေး ယုံကြည်မှုကြောင့် ညောင် ၁၀ ပင် အဓိဋ္ဌာန် ဝင်တဲ့ အဆိုတော် ဆိုဖီယာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗင်းနစ်မြို့မှာ “Mission: Impossible 7” ရိုက်ကူးရေး ရပ်နား

Loading