တောင်ကိုရီးယားနိုင်ငံ မှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ရေးအတွက် အနုပညာရှင် အသီးသီးက လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ အဆိုတော် Sunmi ဟာ ဝမ် ၁၀ သန်း လှူဒါန်းခဲ့ပါတယ်။ မင်းသား Ahn Jae Wook ကတော့ ဒယ်ဂူမြို့မှာရှိတဲ့ ကိုရီးယားအမျိုးသား ကြက်ခြေနီအဖွဲ့ထံကို ဝမ် သန်း ၂၀ လှူဒါန်းခဲ့ပါတယ်။
“ဒယ်ဂူရဲ့ ဒေသတွေမှာ ထပ်ပြီး ကိုရိုနာဗိုင်းရပ်စ် မပျံ့နှံ့အောင်လို့ မျှော်လင့်ချက်နဲ့ ကျနော် လှူဒါန်းခဲ့ပါတယ်။ စိုးရိမ်နေကြတဲ့လူတွေဆီ လုံခြုံမှုနဲ့ တည်ငြိမ်မှုတွေ ပေးဖို့အတွက် ကြက်ခြေနီအသင်းရဲ့ လျှင်မြန်တဲ့ တုံ့ပြန်မှုထံကို ဖြန့်ဝေပေးသွားလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” လို့ မင်းသား Ahn Jae Wook က ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ လှူဒါန်းငွေတွေကိုတော့ ရောဂါမပျံ့နှံ့စေရေးအတွက် ထိန်းသိမ်းရေးစခန်းမှာ ရှိတဲ့ လူနာတွေအတွက် အတွင်းခံ၊ အဝတ်အစားနဲ့ တကိုယ်ရေကျန်းမာရေးသုံး ပစ္စည်းတွေနဲ့အတူ နှာခေါင်းစည်း၊ လက်သန့်စင်ပစ္စည်းတွေလိုမျိုး ရောဂါပိုးကူးစက်ပျံ့နှံ့မှု ကာကွယ်ရေးအတွက် ထောက်ပံ့ကူညီပေးသွားမှာလည်း ဖြစ်ပါတယ်။
နာမည်ကျော် မင်းသား Park Hae Jin ကလည်း MBC ကနေ ထုတ်လွှင့်နေတဲ့ “Old School Intern” ဒရာမာရဲ့ ဝန်ထမ်းတွေကို တခါသုံးမျက်မှန် ၅၀၀ နဲ့ နှာခေါင်းစည်း ၁၀၀၀ ကို လှူဒါန်းခဲ့ပါတယ်။ မင်းသားဟာ COVID-19 နဲ့ပတ်သက်လို့ သင့်လျော်တဲ့ လုပ်ငန်းစဉ်တွေအကြောင်း ပြောကြားထားတဲ့ ဗီဒီယိုတခုကို ရိုက်ကူးခဲ့ပါတယ်။ ဒ့ါအပြင် သူ့ရဲ့ အနုပညာကြေးနဲ့ ထုတ်လုပ်ရေး ကုန်ကျစရိတ်အားလုံးကို လှူဒါန်းခဲ့ပါတယ်။
မင်းသား Kim Woo Bin ဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်မှုအတွက် အသုံးပြုဖို့ ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ မင်းသမီး Kim So Hyun ကလည်း “မျှော်လင့်ခြင်းတံတား ကိုရီးယား သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး အသင်း” ထံကို ဝမ် ၁၀ သန်း လှူဒါန်းခဲ့ပါတယ်။ သူ့ရဲ့ လှူဒါန်းငွေတွေကို တကိုယ်ရေသုံး ပစ္စည်းနဲ့ လက်သန့်စင်ရေးပစ္စည်းတွေ ဝယ်ယူဖို့ အသုံးပြုသွားမှာဖြစ်ပါတယ်။
အမျိုးသားအဆိုတော်အဖွဲ့ iKON မှ အဖွဲ့ဝင်ဟောင်း B.I ကလည်း COVID-19 ကာကွယ်ရေးပစ္စည်းတွေ ဝယ်ယူဖို့ အခက်အခဲရှိနေကြတဲ့ လူတွေအတွက် နှာခေါင်းစည်း ၁ သိန်းကို လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီ နှာခေါင်းစည်းတွေကို သူ့ရဲ့ Fan Café ကနေ လိုအပ်နေသူတွေကို ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။ မင်းသမီ ဆူဇီကလည်း ဝင်ငွေနည်းပါးတဲ့ မိသားစုတွေကို ကူညီဖို့ ဝမ် သန်း ၁၀၀ ကို လှူဒါန်းခဲ့ပါတယ်။
မင်းသား Joo Ji Hoon ကလည်း ဝမ် သန်း ၅၀ လှူဒါန်းခဲ့ပါတယ်။ မင်းသား ဂုံယိုးကတော့ Gong Ji Chul ဆိုတဲ့ သူ့နာမည်ရင်းနဲ့ Community Chest of Korea အသင်းကို ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ သူ့ရဲ့ လှူဒါန်းမှုကိုတော့ ထိန်းသိမ်းရေးစခန်းက အာဏာပိုင်တွေနဲ့ ဆေးပညာဆိုင်ရာဝန်ထမ်းတွေကို ထောက်ပံ့ပေးဖို့နဲ့ လူမှုရေးပိုင်းဆိုင်ရာအရ ချို့ယွင်းချက်ရှိသူတွေနဲ့ ဝင်ငွေ နိမ့်ပါးသူတွေထံကို COVID-19 ပျံ့နှံ့မှု ကာကွယ်ဖို့ အသုံးပြုမယ်လို့လည်းဆိုပါတယ်။
နောက်ထပ် လှူဒါန်းကြသူတွေထဲမှာ မင်းသမီး Park Bo Young (ဝမ် သန်း ၅၀)၊ ASTRO အဖွဲ့ဝင် Cha Eun Woo (ဝမ် သန်း ၃၀)၊ မင်းသား Jung Woo Sung (ဝမ် သန်း ၁၀၀) နဲ့ Girl’s Day အဖွဲ့ဝင် Hyeri (ဝမ် သန်း ၁၀၀) တို့လည်း ပါဝင်ကြပါတယ်။
Ref: Soompi
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နောက်ဆုံးအခြေအနေ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယား ရုပ်ရှင်ရုံတွေမှာ လူမရှိ ဖြစ်နေ
တရုတ်နိုင်ငံပြင်ပ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများဆုံးဖြစ်လာတဲ့ တောင်ကိုရီးယားနိုင်ငံ