သတင်းတွေရဲ့အဆိုအရ ဒါရိုက်တာ Steven Spielberg ဟာ ပဉ္စမမြောက် “Indiana Jones” ရုပ်ရှင်ကို ရိုက်ကူးတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
Variety မီဒီယာရဲ့ အဆိုအရ အဲ့ဒီရုပ်ရှင်စီးရီးရဲ့ ၃၉ နှစ်တာ သမိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ဒါရိုက်တာနေရာကို Spielberg က တခြားလူတယောက်ထံ လွှဲပြောင်းမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ အဲ့ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်သူ တဦးအနေနဲ့ ဆက်ရှိနေဦးမှာဖြစ်ပြီး နောက်လာမယ့် ရုပ်ရှင်တွေမှာ ဇာတ်ကောင် Indy ကို မျိုးဆက်သစ်တွေကတဆင့် ဖန်တီးခွင့်ပေးဖို့ ဆန္ဒရှိနေတယ်လို့လည်း သတင်းရင်းမြစ်တခုက ဆိုပါတယ်။
နှစ်ဖက်ကြားက သဘောတူညီချက်ကို မသိရသေးပေမယ့် “Ford v Ferrari” ဒါရိုက်တာ James Mangold က ဒါရိုက်တာကြီး Spielberg နေရာမှာ အစားဝင်မှာဖြစ်တယ်လို့ ကောလာဟလသတင်းထွက်ပေါ်နေပါတယ်။ ဒါဟာ ဒါရိုက်တာ Mangold အတွက်တော့ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။
“Logan” ရုပ်ရှင်အတွက် အကောင်းဆုံး မှီငြမ်းဇာတ်ညွှန်းဆုနဲ့ အော်စကာဆုဆန်ခါတင် သတ်မှတ်ခံခဲ့ရပြီးတဲ့နောက် “Wolverine” ရုပ်ရှင်စီးရီးကို သူက လက်ခံရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ ၆၁၉ သန်းအထိ ရရှိခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ ဖြန့်ချိပြသဖို့ စီစဉ်ထားတဲ့ အဲ့ဒီပဉ္စမမြောက် ရုပ်ရှင်မှာတော့ Indiana Jones အဖြစ် မင်းသားကြီး Harrison Ford က ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ ကနဦးတုန်းကတော့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှာ ပြသဖို့ စီစဉ်ထား ခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအထိ ရွှေ့ဆိုင်းခဲ့ရာကနေ အခုလိုမျိုး ၂၀၂၁ ခုနှစ်အထိ ရုံတင်ပြသမယ့်ရက် နောက်ဆုတ်သွားတာလည်း ဖြစ်ပါတယ်။
အခုလိုမျိုး ပုံမှန်ရိုက်ကူးနေကျ ရုပ်ရှင်စီးရီးကနေ နုတ်ထွက်လိုက်တဲ့ ဒါရိုက်တာကြီး Spielberg ဟာ သူ့ရဲ့ “West Side Story” ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတွေကြောင့် ဒီတနှစ်လုံး အလုပ်များနေဦးမှာ ဖြစ်ပါတယ်။
Ref: etcanada
You may also like these stories: