Entertainment

ပိုးမွေးထားသလို မွေးထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ရုံတင်ခွင့်ရလို့ ဝမ်းသာနေတဲ့ စိုင်းစိုင်း

“ပိတောက်ကတဲ့ ဂီတ” ဇာတ်ကားမှာ အဆိုတော် အဂ္ဂါစိုင်းအဖြစ်နဲ့ ပါဝင်သရုပ်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်က ဒီဇာတ်ကားကို တနှစ်လုံး ပိုးမွေးသလို မွေးထားခဲ့ရတယ်လို့ ဆိုပါတယ်။

“ပိတောက်ကတဲ့ ဂီတ ဇာတ်ကားရုံတင်ပြီဆိုတော့ အရမ်းဝမ်းသာပါတယ်။ ဒီကားမှာ အဆိုတော် အဂ္ဂါစိုင်း အနေနဲ့ ပါဝင်သရုပ်ထားပါတယ်။ ဒီဇာတ်ကားကို တနှစ်လုံး ပိုး မွေးသလို မွေးထားရတာ ဖြစ်ပါတယ်။ ဒီတနှစ်လုံး ဒီကားထဲက ဒိုင်ယာလော့တွေ သံစဉ်တွေနဲ့ နိုးလာတာ။ ဒီနေ့မှာ အရမ်းဝမ်းသာတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

စိုင်းစိုင်းက ဒီဇာတ်ကားကို ဘယ်လောက်ထိ အောင်မြင်မှု ရှိမယ်၊ မရှိဘူးဆိုတာ မပြောတတ်ပေမယ့် သူလုပ်နိုင်တာ အကောင်းဆုံး လုပ်ထားတယ်လို့ ဆိုပါတယ်။

“ဘယ်လောက် အတိုင်းအတာထိ အောင်မြင်မှု ရရှိမယ်၊ ဘယ်လောက် အတိုင်းအတာထိ အားပေးမယ်ဆိုတာကို မပြောတတ်ဘူး။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာ ကျနော်လုပ်နိုင်တာကို အကောင်းဆုံး လုပ်ထားပါတယ်။ ဇာတ်ကားတကားလုံးပေါ်မှာ အင်မတန် ကျေနပ်ပါတယ်”

“ဒီကားကို ရိုက်မိလို့ ကျနော် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။ ဒီကားထဲမှာ Music ပုံစံမျိုးစုံပါဝင်ပါတယ်။ ဆရာဓိရာမိုရ်ကလည်း အများကြီး အကြံဉာဏ်တွေ ပေးသလို ကူညီပေးပါတယ်။ ဂီတကို အခြေခံတဲ့ ဇာတ်ကားတကား ရိုက်ချင်တယ်လို့ ဦးမီးပွားနဲ့ တိုင်ပင်ပြီး ရိုက်ကူးဖြစ်တယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

ဆက်လက်ပြီး Trailer မှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေကို ပရိသတ်တွေ သဘောကျလို့ ဝမ်းသာတယ်လို့ စိုင်းစိုင်းက ဆိုပါတယ်။

“Trailer မှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေရဲ့ ဒိုင်ယာလော့တွေက ကျနော် ရေးသားထားတာကို ပရိသတ်တွေ သဘောကျကြလို့ ဝမ်းသာပါတယ်။ ကျနော် ပြောချင်တာတွေကို သီချင်းထဲမှာ ထည့်ရေးသလို၊ ကျနော်ဖြစ်ချင်တာလေး ဖြစ်ချင်တာတွေလည်း ဇာတ်ကားထဲမှာ ထည့်သရုပ်ဆောင်ထားတယ်”လို့ စိုင်းစိုင်းက ပြောပါတယ်။

ဒီနှစ် အကယ်ဒမီစာရင်းမှာ “ကြာတော့သည်လည်း မောင့်စကား” ဇာတ်ကား ပါဝင်တဲ့အပေါ် လည်း စိုင်းစိုင်းက အခုလိုပဲ ပြောပါတယ်။

“အကယ်ဒမီ ဘယ်သူပဲ ရရဝမ်းသာပါတယ်။ ကြာတော့သည်လည်းမောင့်စကား ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်မှုက အကယ်ဒမီ မမှန်းလောက်တဲ့ ကာရိုက်တာလို့ သတ်မှတ်ထားပါတယ်။ ဘာလို့ အကယ်ဒမီကို မမှန်းလဲဆိုတော့ ကျနော်သာ အကယ်ဒမီ အကဲဖြတ်အဖွဲ့ကသူဆိုရင်တော့ စိုင်းစိုင်းခမ်းလှိုင်ကို အကယ်ဒမီ မပေးသေးဘူးပေါ့ဗျာ”

“ကျနော်ရိုက်ထားတဲ့ ကားဖြစ်တဲ့အတွက် လက်တွဲလုပ်ကိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးအတွက် အားပေးဖို့အသင့်ရှိနေမှာပါ။ သင်္ကြန်ကိုတော့ ရန်ကုန်မှာလည်း ကျချင်တယ်။ မန္တလေးမှာလည်း ကျချင်တယ်။ ဘယ်လိုဖြစ်မလည်းမသိသေးပါဘူး။ မွေးနေ့ ရှိုးပွဲလည်း လုပ်ဖြစ်မလားဆိုတာကို နီးရင် အသိပေးပါမယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

စိုင်းစိုင်း ပါဝင် သရုပ်ဆောင်ထားတဲ့ ပိတောက်ကတဲ့ ဂီတ” ဇာတ်ကားကိုတော့ မတ်လ ၅ ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။ ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင်များအနေဖြင့် ကျော်သူ၊ ဇင်ဝိုင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ချိုပြုံး၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ အေးမြတ်သူနဲ့ ပိုးမမှီသာတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

You may also like these stories:

ပဉ္စမမြောက် “Indiana Jones” ရုပ်ရှင်ကို ဒါရိုက်တာ Steven Spielberg ရိုက်ကူးမည် မဟုတ်

မကြာမီ Single သီချင်းသစ် ဖြန့်ချိဖို့ ရှိနေတဲ့ အဆိုတော် လေဒီဂါဂါ

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် လှူဒါန်းကြတဲ့ ကိုရီးယားအနုပညာရှင်များ

Loading