Entertainment

ရွှေစက်တော်မှာ ထဘီရင်လျားနဲ့ ဓာတ်ပုံ ရိုက်ခဲ့တဲ့အကြောင်း ပြောပြတဲ့ အေးမြတ်သူ

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် အေးမြတ်သူကတော့ မကြာသေးခင်က ရွှေစက်တော်ကို ခရီးသွားခဲ့ပြီး မန်းချောင်းမှာ ထဘီရင်လျား နဲ့ ရိုက်ခဲ့တဲ့ပုံကို လူပြောများနေတဲ့ အပေါ်ကိုလည်း အခုလိုပဲ ပြောပါတယ်။

“ရွှေစက်တော်မှာ ရင်လျားတဲ့ပုံ ရိုက်ခဲ့တာက အရမ်း အမြင်မရိုင်းဘူးလို့ မြင်ပါတယ်။ လူတွေ အရမ်းစည်ကားနေရင်တော့ ရင်လျားလို့ အဆင်ပြေမှာ မဟုတ်ဘူး။ ကိုယ့်ကို ဝိုင်းကြည့်နေကြမှာလေ”

“သွားတဲ့အချိန်က ဘုရားဖူးရာသီ မဟုတ်သေးတော့ လူသိပ်မရှိတာနဲ့ ချောင်းထဲမှာ အင်္ကျီနဲ့ ရေမဆာ့ချင်လို့ ရင်လျားလိုက်တာပါ။ မြန်မာ မိန်းကလေးတိုင်းက ရေချိုးရင် ရင်လျားပြီး ချိုးတယ်။ ကိုယ်လည်း ငယ်ငယ်ကတည်းက ရပ်ကွက်ထဲမှာရေချိုးတော့ ရင်လျား ချိုးခဲ့တာပါပဲ။ ကာလံ ဒေသံကို လိုက်ပြီး အေးမြတ်သူ ပြောင်းလဲပါတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

ဆက်လက်ပြီး အေးမြတ်သူက သူ့ရဲ့ နေ့စဉ်ဘဝမှာ စိတ်ကို အမြဲ ပေါ့ပါးအောင်ထားတယ်လို့လည်း ဆိုပါတယ်။

“အေးမြတ်သူ စိတ်ကို အတတ်နိုင်ဆုံး ပေါ့ပါးအောင် ထားတယ်။ အေးမြတ်သူတို့ နေ့စဉ်လှုပ်ရှား ရုန်းကန်နေကြရတယ်။ အလုပ်ချိန်ပြင်ပမှာ ကိုယ့် Life ကို အပျောက်မခံပါနဲ့။ အသက်တွေ တဖြည်းဖြည်းနဲ့ ကြီးလာကြတာ။ အိုမင်းရင့်လျော်လာတာ ဘာကြောင့်လဲ၊ စိတ်ဖိစီးမှုများတော့ ပိုပြီး အိုမင်းရင့်လျော်လာတယ်။ အေးမြတ်သူကတော့ ကိုယ်တတ်နိုင်တဲ့ ငွေကြေးနဲ့ ပျော်ရွှင်အောင်နေတယ်”

“ကိုယ်တတ်နိုင်တဲ့ ပျော်ရွှင်မှုကို ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းတွေနဲ့ ပျော်ရွှင်အောင် နေပါ။ စိတ်ဖိစီးမှုနည်းမှ နုပျိုမှာမို့ စိတ်ဖိစီးမှု နည်းအောင် နေတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

မတ်လမှာ ရုံတင်မယ့် “ပိတောက်ကတဲ့ ဂီတ” ဇာတ်ကားမှာလည်း အေးမြတ်သူ ပါဝင်ထားပြီး ဒီဇာတ်ကားမှာ တထောင့်တနေရာက ပါဝင်ရလို့ ဝမ်းသာတယ်လို့ ဆိုပါတယ်။

“ပိတောက်ကတဲ့ ဂီတ” မှာ ပါဝင်ဖြစ်တာက ကိုစိုင်းရဲ့ ကားကြီးဖြစ်တယ်။ ဦးပွားက ကမ်းလှမ်းလို့ အတိုင်းမသိ ဝမ်းသာခဲ့တယ်။ အရမ်းလေးစားရတဲ့ ကိုစိုင်း စိတ်ရော လူရော နှစ်ထားတဲ့ ဒီကားကြီးမှာ တနေရာက ပါဝင်ရလို့ အရမ်းဝမ်းသာပါတယ်။ ဦးကျော်သူတို့၊ ကိုစိုင်းတို့၊ တီဇာကြီးတို့နဲ့ အဆုံခန်းတွေဆို အာလုံးရဲ့ သင်ကြားပေးမှုတွေ ရရှိခဲ့တယ်။ အဲဒါတွေက အမှတ်တရတွေပါပဲ”

“ဒီကားမှာ ပိုးမမှီသာဆိုလည်း အသစ်၊ အသစ်တွေကို သေချာသင်ကြားပေးတဲ့ ကိုစိုင်းကိုလည်း လေးစားတယ်။ ဒီကားလေးကို လာကြည့်စေချင်တယ်။ ကိုစိုင်းရဲ့ဂီတတွေကို တဝကြီးကြည့်ရမယ်။ ကိုစိုင်းရဲ့ အချစ်ဇာတ်လမ်းလေးကိုလည်း တွေ့ရမှာပါ။ သင်္ကြန် အငွေ့ အသက်တွေလည်း ရစေမှာပါ”လို့ အေးမြတ်သူက ပြောပါတယ်။

“ပိတောက်ကတဲ့ ဂီတ” ဇာတ်ကားကိုတော့ မတ်လ ၅ ရက်နေ့မှာ ရုံတင် ပြသတော့မှာဖြစ်ပြီး ဒါရိုက်တာ မီးပွားက ရိုက်ကူးပုံဖော်ထားကာ သရုပ်ဆောင်များအနေနဲ့ ကျော်သူ၊ ဇင်ဝိုင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ချိုပြုံး၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ အေးမြတ်သူနဲ့ ပိုးမမှီသာတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

You may also like these stories:

ပိုးမွေးထားသလို မွေးထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ရုံတင်ခွင့်ရလို့ ဝမ်းသာနေတဲ့ စိုင်းစိုင်း

ပရိသတ်တွေ မှန်းပေးကြပေမယ့် ကိုယ်တိုင် အကယ်ဒမီ မမှန်းတဲ့ အောင်ရေချမ်း

မြောက်ကိုရီးယား ဗိုလ်ကြီးထက် ပိုရင်ခုန်စရာ ကောင်းတဲ့သူ ရှိနေတဲ့ နော်ဖောအယ်ထား

Did you find apk for android? You can find new Free Android Games and apps.
Loading