Snare အဖွဲ့မှ အဆိုတော် နေဝင်းနဲ့ Travel Blogger အိမ့်ချစ်ချောတို့ရဲ့ မင်္ဂလာပွဲကိုတော့ ဒီနှစ်ထဲ ဧပြီလ ၂၅ ရက်နေ့မှာ လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ အဆိုတော် နေဝင်းက ပြောပါတယ်။
“ကျနော်တို့ မင်္ဂလာပွဲကတော့ သင်္ကြန်ပြီး ဧပြီ ၂၅ ရက်နေ့ စီစဉ်ထားပါတယ်၊ တပွဲပဲ လုပ်မှာပါ။ နေရာကတော့ ညှိနေတုန်းပါ။ အနားနီးမှ ပြောချင်ပါတယ်။ ၂၅ ရက်နေ့ လုပ်ဖြစ်တာက ကျနော်မွေးနေ့လည်း ဖြစ်လို့ပါ။ သူစီးချင်တဲ့ မြင်းနဲ့ ဓာတ်ပုံ ရိုက်ထားတယ်။ Studio A က ရှာပေးတယ်၊ ရိုက်ပေးတယ်။ တော်တော်တော့ မိုက်တယ်။ Pre Wedding ဓာတ်ပုံတွေကို ပုဂံမှာရယ်၊ စတူဒီယိုရယ်မှာပဲ ရိုက်ဖြစ်တယ်”လို့ နေဝင်းက ပြောပါတယ်။
ဆက်လက်ပြီး နေဝင်းက ဟန်နီးမွန်း ထွက်မယ့်နေရာကိုတော့ ရွေးချယ်နေတုန်းဖြစ်ပြီး ချစ်သူ သက်တမ်း ၁၁ နှစ်မှာ မင်္ဂလာဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။
“ဟန်းနီးမွန်းကတော့ ရောဂါတွေလည်း ဖြစ်နေတော့ ရွေးနေတုန်းပါ။ ကျနော်တို့ ချစ်သူသက်တမ်း ၁၁ နှစ်မှာ မင်္ဂလာဆောင် ဖြစ်တာပေါ့။ ကျနော်တို့ နှစ်ယောက် အတူတူနေမယ့် အိမ်လေး စုမိတယ်။ လုပ်ငန်းတွေလည်း လုပ်ဖြစ်တယ်”လို့ နေဝင်းက ပြောပါတယ်။
Pre Wedding ဓာတ်ပုံရိုက်စဉ်က အမှတ်တရတွေ အကြောင်းကိုလည်း Travel Blogger အိမ့်ချစ်ချောက အခုလိုပဲ ဆိုပါတယ်။
“အိမ့်ချစ်ချောကို ကံကောင်းတဲ့ မိန်းကလေးလို့ ပြောကြတာ ကျေးဇူးတင်ပါတယ်။ ကံကောင်းတယ်တော့ မဟုတ်ဘူးပေါ့။ ချောတို့ ပျော်နေတဲ့ အချိန်လေးတွေကို ကြည့်ပြီး အားကျကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပွဲနေ့မှာတော့ မြင်းစီးဖို့တော့ အဆင်မပြေဘူး။ ဓာတ်ပုံတွေရိုက်တာတောင် မြင်းက အငြိမ်မနေတော့ လက်လျော့ပြီး ပွဲနေ့မှာ မစီးတော့ဘူး။ ဓာတ်ပုံပဲ ရိုက်လိုက်တယ်”
“မြင်းက အရမ်းလှတယ်။ တော်တော် ကြောက်ကြောက်လန့်လန့်နဲ့ ရိုက်ခဲ့ရတယ်။ ၂၅ ရက်နေ့မှာ လက်ထပ်ဖြစ်တာက သူ့မွေးနေ့၊ ချောက တခါတည်း လက်ဆောင်ပေးတာပေါ့။ ကိုယ်ချစ်ရတဲ့သူနဲ့ လက်တွဲသွားရတော့မှာဆိုတော့ ပျော်တာပေါ့”လို့ အိမ့်ချစ်ချောက ပြောပါတယ်။
အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချောတို့ရဲ့ ချစ်သူသက်တမ်းကတော့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ၁၀ နှစ်ပြည့်ပြီးပြီ ဖြစ်ပါတယ်။ Snare အဖွဲ့ဝင် အဆိုတော်တယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ နေဝင်းက စီးပွားရေးအနေနဲ့ O.M.G Fashion Brand တွေ ထုတ်နေသလို ချစ်သူ အိမ့်ချစ်ချောကလည်း Travel Blogger အနေနဲ့ လုပ်ကိုင်နေပါတယ်။
You may also like these stories:
Music Video တွေကို အနုပညာရှင်များက မေတ္တာနဲ့ ကူညီပေးကြတာလို့ အဆိုတော် Ar -T ပြော
ပိုးမွေးထားသလို မွေးထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ရုံတင်ခွင့်ရလို့ ဝမ်းသာနေတဲ့ စိုင်းစိုင်း