ပြီးခဲ့တဲ့ ၉၂ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ ဒါရိုက်တာ Bong Joon Ho က အော်စကာဆု ၄ ခုကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် အခုတော့ ပရိသတ် တော်တော်များများဟာ နောက်ထပ် တောင်ကိုရီးယားရုပ်ရှင် တကားအပေါ် အာရုံစိုက်လာတာကို တွေ့ရပါတယ်။
အခုနှစ်အတွက် ကိုရီးယားသည်းထိတ်ရင်ဖို Zombie ရုပ်ရှင်ကို စောင့်ဆိုင်းနေကြတဲ့သူတွေအတွက်တော့ ၂၀၁၆ ခုနှစ်က အထူးအောင်မြင်ခဲ့တဲ့ “Train to Busan” ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်း “Peninsula” ဟာ လာမယ့် နွေရာသီကာလမှာ ရုံတင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ရုပ်ရှင်အတွက် ပထမဆုံး ပိုစတာတွေကို မကြာသေးမီကပဲ ဖြန့်ချိလိုက်တာလည်း ဖြစ်ပါတယ်။ အခုရုပ်ရှင်ထဲက ဇာတ်လမ်းကတော့ “Train to Busan” ရုပ်ရှင်ထဲက ဖြစ်ရပ်တွေ နောက်ပိုင်း ၄ နှစ်အကြာ ကိုရီးယားမှာရှိနေတဲ့ အသက်ရှင် ကျန်ရစ်သူတွေအကြောင်း ဇာတ်အိမ်တည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
“Train to Busan” ရဲ့ ဒါရိုက်တာ Yeon Sang Ho ကပဲ ရိုက်ကူးထားတဲ့ အဲ့ဒီရုပ်ရှင်ထဲမှာ သရုပ်ဆောင်တွေအဖြစ် Kang Dong Won, Lee Jung Hyun, Kwon Hae Hyo, Kim Min Jae, Go Kyo Hwan နဲ့ Kim Go Yoo တို့က ပါဝင်ထားကြပါတယ်။
အခု ထွက်ပေါ်လာတဲ့ ပိုစတာနှစ်ခုမှာတော့ မရေမရာတဲ့ အခြေအနေတွေအောက်မှာ ရှိနေတဲ့ ဇာတ်ကောင်တွေကို ဖော်ပြထားပါတယ်။ ပထမဆုံးပုံမှာဆိုရင် လေးဘက် လေးလံမှာ Zombie တွေ ဝိုင်းနေတဲ့ စွန့်ပစ်ဆိပ်ကမ်းတခုမှာ ညဘက်အချိန်ကြီး လမ်းလျောက်လာတဲ့ လူတဦးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဒုတိယ ပိုစတာမှာတော့ မြင့်တက်လာတဲ့ နေဝန်းက Zombie တွေကို စုစည်းပေးသလို ဖြစ်နေပြီး အဓိက ဇာတ်ကောင် Jung Suk (Kang Dong Won) နဲ့ Min Jung (Lee Jung Hyun) တို့က စွန့်ပစ်ထားတဲ့ မော်တော်ယာဉ် နောက်ကွယ်မှာ ဇွန်ဘီတွေကို စောင့်ဆိုင်းနေတာ တွေ့ရပါတယ်။
၂၀၁၆ ခုနှစ်တုန်းက ပြသခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၉၀ ဒဿမ ၆ သန်း ရရှိခဲ့တဲ့ “Train to Busan” ရုပ်ရှင်မှာတော့ မင်းသား ဂေါင်ယိုးနဲ့ မင်းသမီး ဂျောင်ယူမီတို့က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အခု “Peninsula” ရုပ်ရှင်ကို နွေရာသီ ကာလမှာ ရုံတင်မှာဖြစ်တယ်လို့ ပိုစတာထဲမှာ ဖော်ပြထားပေမယ့် ရက်အတိအကျကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
Ref: Soompi
You may also like these stories:
ဧပြီ ၂၅ ရက်နေ့မှာ မင်္ဂလာပွဲလုပ်မယ့် အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချော
မိန်းကလေးလို သရုပ်ဆောင်ပီပြင်လို့ ပရိသတ်တွေ သဘောကျနေတဲ့ ကလေးသရုပ်ဆောင် ဆိုဝူဂျင်း
Constantine ရုပ်ရှင်အတွက် ကူညီပေးလိုကြောင်း Doctor Strange ဒါရိုက်တာ ဝန်ခံ