အဆိုတော် ဂျွန်က မကြာခင် ရင်သွေးလေးရတော့မှာဖြစ်တဲ့အတွက် ပျော်ရွှင်နေပြီး ဇနီးဖြစ်သူက သားယောက်ျားလေး ကိုယ်ဝန်ဆောင်ထားရတယ်လို့ ဆိုပါတယ်။
“ကျနော့် အမျိုးသမီး ကိုယ်ဝန်က သားလေးမွေးမှာပါ။ ဧပြီလဆန်းလောက်နား ပတ်ဝန်းကျင်လောက်တော့ ဖြစ်နိုင်ပါတယ်။ ကျနော်ကတော့ သားလေးမှ၊ သမီးလေးမှ ဆိုတာမျိုး မရှိပါဘူး။ ရင်သွေးလေး လွယ်ထားရတယ်ဆိုကတည်းက အရမ်းပျော်ပါတယ်။ အခု သားလေးဆိုတော့ အရမ်းဝမ်းသာတယ်။ ကျနော်လည်း အသက်လေးရလာတော့ သားသမီးနဲ့ နေချင်နေပါပြီ”လို့ အဆိုတော် ဂျွန်က ပြောပါတယ်။
ဆက်လက်ပြီး အဆိုတော် ဂျွန်က သားလေးအတွက် နာမည်ပေးဖို့ စဉ်းစားနေပြီး မွေးလာတဲ့ ကလေးကို ကျန်းကျန်းမာမာ ရှိစေချင်တယ်လို့လည်း ဆိုပါတယ်။
“ကလေးအတွက် နာမည်တွေ လျှောက် စဉ်းစားတာပေါ့။ ဘယ်ဟာပေးဖြစ်မလဲတော့ မသိသေးဘူး။ မကြာခင် ကလေး ရတော့မှာဆိုတော့ ရင်တော့ ခုန်တယ်။ သားသမီးလေးကို ကောင်းကောင်းမွန်မွန်ကျန်းမာမာနဲ့ ကိုယ်လက်အင်္ဂါ ပြည့်ပြည့်စုံစုံလေးဖြစ်စေချင်တယ်။ ကလေးကို အသားဖြူဖြူချောချောဖြစ်စေချင်တယ်။ ကျနော်တို့ နှစ်ယောက်က တယောက်နဲ့ တယောက် နားလည်မှု မယူရလောက် အောင်အရမ်းအဆင်ပြေပါတယ်။ အခုချိန်မှာ ရောဂါတွေလည်း ဖြစ်နေတော့ ကျန်းမာရေး ဂရုစိုက်ဖို့တော့ မှာချင်ပါတယ် ”လို့ ဂျွန်က ပြောပါတယ်။
သားဦးလေးကို သဘာဝအတိုင်းမွေးဖို့ စီစဉ်ထားတယ်ဆိုတဲ့ ဂျွန်ရဲ့ ဇနီး မြတ်သီရိမောင်က ကိုယ်ဝန်စရှိကတည်းက ခင်ပွန်းဖြစ်သူက အရမ်း ဂရုစိုက်တယ်လို့ ဆိုပါတယ်။
“ကိုယ်ဝန်ရပြီဆိုကတည်းက သူက အစစအရာ ဂရုစိုက်ပါတယ်။ ကိုယ်ဝန် ရင့်လာတော့ သူအကူအညီတွေ အများကြီး ရပါတယ်။ တော်တော်တော့ ဂရုစိုက်ပါတယ်။ ကလေးလိုချင်တာပဲ ရှိတာ။ သားလေးမှ၊ သမီးလေးမှ ဆိုတာတော့ မရှိဘူး။ သားလေး ရလာတော့လည်း အရမ်းဝမ်းသာရတယ်”
“ကလေးကို ဘယ်လိုလေးတွေ လုပ်ပေးမယ်ဆိုတာလေးတွေ တွေးပြီး တအား လေးစားလာတယ်။ ကျန်းမာရေးကလည်း အဆင်ပြေနေတော့ သဘာဝအတိုင်းပဲ မွေးဖို့ စီစဉ်ထားတယ်။ ခွဲမွေးပြီးရင် ဆင်ခြင်ရမှာတွေက နည်းနည်းများတယ်။ ကောင်းမယ့် အချက်လေးတွေ တွေးလိုက်ပြီး ရိုးရိုးမွေးဖို့ တွေးလိုက်တာပါ”လို့ ဂျွန်ရဲ့ ဇနီး မြတ်သီရိမောင်က ပြောပါတယ်။
Hip Hop အဆိုတော်တဦးဖြစ်တဲ့ ဂျွန်ကတော့ ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ “တောဂေါ်လီ” သီချင်းမှာ ပါဝင် သီဆိုခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျွန်က စိုင်းစိုင်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်း တဦးဖြစ်ပြီး စိုင်းစိုင်းရဲ့ Show ပွဲတိုင်းမှာလည်း အမြဲပါဝင်ဖျော်ဖြေလေ့ ရှိပါတယ်။
You may also like these stories:
“စိုင်းစိုင်းခမ်းလှိုင်ဆီက သင်ယူစရာတွေ များတယ်”လို့ ပြောတဲ့ အဆိုတော် နန္ဒစိုင်း
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေမှုကြောင့် တောင်ကိုရီးယားမှာ BTS အဖွဲ့ရဲ့ ဖျော်ဖြေပွဲများ ဖျက်သိမ်း