အဆိုတော် မနောက ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကာကွယ်ရေးအတွက် အသိပညာပေး ထုတ်လွှင့်ရန်နဲ့ ရပ်ရွာများမှာ အသံချဲ့စက်ဖြင့် ကြေညာပေးရန် အသံသွင်းပေးဖြစ်ကြောင်း အခုလိုပဲ ပြောပါတယ်။
“ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကနေ အသံသွင်းပေးဖို့ ကျနော့် သူငယ်ချင်း တေးရေးဆရာ ခေတ်ကိုက ချိတ်ပေးတော့ ကျနော်လည်း ပြည်သူတွေအတွက်ပဲ လုပ်ပေးဆိုပြီး လုပ်ပေးဖြစ်သွားတာပေါ့။ အခု ကျနော်တို့ တင်ထားတဲ့အတိုင်း လိုက်နာစေချင်တယ်။ Surgical Mask ကိုလည်း သုံးစေချင်တယ်။ အဲ့ဒါ တပ်ဖို့လည်း မရှက်စေချင်ဘူး။ ကျန်းမာရေးအတွက် အခုရက်ပိုင်း လူများတဲ့နေရာ သွားလည်း လျှော့စေချင်တယ်”
“ကိုရိုနာဗိုင်းရပ်စ်က ကျနော်တို့နိုင်ငံမှာ မရှိသေးတာလား၊ စစ်ဆေးမှု မရသေးလို့လားတော့ မသိဘူး။ မရောက်သေးဘူးလို့ကြားရတာနဲ့တင် ဝမ်းသာတယ်။ ကပ်မဆိုက်ဘူးလို့ ခံစားရတယ်။ ရာသီဥတုနဲ့လည်း သက်ဆိုင်လိမ့်မယ်။ ပူရင်မဖြစ်ဘူးလို့လည်း ကြားတယ်။ အဲ့တော့ ကျနော်တို့လည်း ခန့်မှန်းရခက်တယ်။ မရောက်သေးဘူးလို့ကြားတာနဲ့တင် မင်္ဂလာသတင်းပါ”လို့ အဆိုတော် မနောက ပြောပါတယ်။
ဆက်လက်ပြီး မနောက အခုလိုချိန်မှာ Mask တွေကို စီးပွားဖြစ် ဈေးတင်ရောင်းနေကြတဲ့ အပေါ်ကိုလည်း သူ့အမြင်ကို အခုလိုပဲ ဆိုပါတယ်။
“အခုလိုချိန်မှာ Mask တွေကို ပရဟိတစိတ် ရှိတဲ့သူတွေကတော့ ဈေးတင်ရောင်းမှာ မဟုတ်ဘူးပေါ့။ တချို့ကလည်း စီးပွားလုပ်နေတော့ ဈေးတင်ရောင်းကြတာပေါ့။ အကောင်းဆုံးကတော့ ဈေးမတင်ဘဲ ရောင်းရင်တော့ ကောင်းတာပေါ့”လို့ မနောက ပြောပါတယ်။
မကြာခင်မှာလည်း သင်္ကြန်ကာလ ရောက်တော့မှာဖြစ်လို့ အဆိုတော် မနောက သင်္ကြန်သီချင်းတွေ စလုပ်နေပြီလို့ ဆိုပါတယ်။
“လတ်တလောတော့ သင်္ကြန်သီချင်းလေး တင်ထားပါတယ်။ ကျနော့် သမီးလေးက တပုဒ်ပေါ့။ သမီးကလည်း အခွေ လုပ်နေတယ်။ သင်္ကြန်သီချင်းလေးနဲ့စပြီး အနုပညာခြေလှမ်း စလှမ်းတာပေါ့။ အခုလည်း ရိုက်ကူးရေးလေးတွေလည်း လုပ်နေပါတယ်”လို့ မနောက ပြောပါတယ်။
မနော သီဆိုထားတဲ့ “မင်းကိုလည်း ချစ်တယ်၊ အိမ်က မိန်းမကိုလည်း ကြောက်တယ်”ဆိုတဲ့ သီချင်းစာသားကို အွန်လိုင်းမှာ ပရိသတ်တွေ အားပေးကြတဲ့အကြောင်းကိုလည်း အခုလို ပြောပါတယ်။
“မင်းကိုလည်း ချစ်တယ်၊ မိန်းမကိုလည်း ကြောက်တယ်” သီချင်းလေး ပရိသတ်တွေ ကြိုက်ကြတော့ ဝမ်းသာရပါတယ်။ အဲ့သီချင်းလေးကို ဟာသအနေနဲ့ ဆိုလိုက်တာပါ။ တေးရေးဆရာ စပြကတည်းက ကျနော့် အမျိုးသမီးက မကြည့်ဘူး၊ မဆိုစေချင်ဘူး။ ရသအနေနဲ့ ပျော်စရာလေးအနေနဲ့ ဆိုလိုက်မယ်ဆိုတော့ ဆိုပါဆိုတာနဲ့ ဆိုလိုက်တာပါ။ ယောကျာ်းလေးတွေ အဲ့သီချင်းလေးလိုတော့ ရှိတော့ ရှိတယ်”
“မိန်းကလေးတွေကတော့ မကြိုက်ကြဘူးလေ။ အဲ့သီချင်း ကြားလိုက်တာနဲ့ မပြုံးဘဲကို မနေနိုင်ဘူး။ ယောကျာ်းပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် အဲ့သီချင်းကြားတာနဲ့ ပြုံးတယ်။ အဲ့သီချင်းက ဇာတ်ကား ပြန်ရိုက်တော့ ကာရိုက်တာနဲ့ ကိုက်နေတော့ ရယ်ရတယ်။ မိန်းကလေးတွေကပါ မိန်းကိုလည်း ချစ်တယ်။ ယောကျာ်းကိုလည်း ကြောက်တယ်ဆိုပြီး စကြတော့ ပျော်ရပါတယ်”လို့ မနောက ပြောပါတယ်။
အဆိုတော် မနောရဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ရေး ပညာပေးပြောကြားချက် အသံဖိုင်များ Download ပြုလုပ်နိုင်မယ့် Link များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက Facebook မှာ ဖော်ပြထားပါတယ်။
MP3 File Download Link: https://bit.ly/386eTYO
You may also like these stories:
တန်ဖိုးကြီး အဝတ်အစားတွေထက် တန်ဖိုးနည်းနည်းနဲ့ ဖက်ရှင်ကျတဲ့ ကမ္ဘာကျော်များ
အဆိုတော် အောင်ရင်ကို နောက်တိုးတရားခံအဖြစ် ထည့်သွင်းတဲ့အကြောင်း ပြောပြတဲ့ ခင်မြတ်နိုး
မကြာခင် ဖခင် ဖြစ်တော့မယ့် အဆိုတော် ဂျွန်