ဒီနှစ် အကယ်ဒမီ ဆန်ခါတင် ရုပ်ရှင်ကားများစာရင်းမှာ သရုပ်ဆောင် နေတိုး ပါဝင်ထားတဲ့ ဇာတ်ကားများစွာ ပါဝင်ပြီး နေတိုးကတော့ အကယ်ဒမီ အရမ်းမမျှော်လင့်ထားဘဲ တည်တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်းမယ်လို့ ဆိုပါတယ်။
“အကယ်ဒမီဆိုတာ ကျနော်တို့ အရမ်းမျှော်လင့်ထားလို့ မရဘူး။ တည်ငြိမ်နေတုန်းပါပဲ။ ရသွားလည်း တည်တည်ငြိမ်ငြိမ်ပဲ ဖြစ်နေမှာပါ။ ကျနော်တို့က ဝမ်းသာစရာဖြစ်ဖြစ်၊ ဝမ်းနည်းစရာပဲဖြစ်ဖြစ်၊ တည်တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်းရမှာပေါ့။ ဒါမှလည်း အမှားနည်းမှာပေါ့။ အရမ်းဝမ်းသာရင်လည်း စိတ်လွတ်လက်လွတ် မပျော်တတ်သလို၊ စိတ်ညစ်စရာရှိရင်လည်း အရမ်းယူကြုံးမရ မဖြစ်ဘူး။ သရုပ်ဆောင်ချိန်တော့ ဒါတွေ မေ့ရတာပေါ့”လို့ နေတိုးက ပြောပါတယ်။
ဆက်လက်ပြီး နေတိုးက ဒီနှစ် အကယ်ဒမီဟာ အရင်နှစ်တွေထက် ပိုရင်ခုန်ဖို့ကောင်းပြီး ဇာတ်ကားကောင်းတွေလည်း အများကြီး ပါတယ်လို့ ဆိုပါတယ်။
“အကယ်ဒမီက အရင်နှစ်တွေထက်တောင် ဒီနှစ်က ရင်ခုန်ဖို့ ပိုကောင်းတယ်။ ဇာတ်ကားကောင်းတွေလည်း အများကြီးပါပဲ။ ကျနော့် ပရိသတ်ကိုလည်း အမြဲတမ်းပြောတယ်။ တခုခု လွဲချော်သွားရင် ပရိသတ်တွေက စိတ်မကောင်းဖြစ်ရတာဆိုတော့ ၂၉ ကားမှာ ၉ ကားပါတယ် ဆိုပေမယ့် အရမ်း မျှော်လင့်မထားဖို့ ပြောချင်ပါတယ်”လို့ နေတိုးက ပြောပါတယ်။
သရုပ်ဆောင် နေတိုးက လတ်တလောမှာ ဂီတနဲ့ ရုပ်ရှင် ပူးပေါင်း ရိုက်ကူးတဲ့ “အိပ်မက်ကာရန်” ဆိုတဲ့ ရုပ်ရှင်ကား ရိုက်ကူးနေပြီး ဒီအကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။
“အိပ်မက်ကာရန် ဇာတ်ကားက ရီဟာဇယ်တွေ အကြိမ်ကြိမ် လုပ်ရတာကြောင့် တခြားကားတွေထက် အချိန်ပိုပေးရတဲ့ ကားလေးပေါ့။ သီချင်းအဆိုရယ်၊ အကရယ်၊ သရုပ်ဆောင်မှုရယ် ပေါင်းရတာဆိုတော့ ကျနော့် အနေနဲ့ စိန်ခေါ်မှု တခုတော့ ဖြစ်နေတယ်။ ကျနော့်အတွက်လည်း ကာရိုက်တာက အသစ်အဆန်းတခုဖြစ်သလို ကြည့်တဲ့ ပရိသတ်တွေအတွက်လည်း အသစ်အဆန်း တခုဖြစ်မှာတော့ သေချာပါတယ်”လို့ နေတိုးက ပြောပါတယ်။
အဆိုပါ “အိပ်မက်ကာရန်” ဇာတ်ကားကတော့ Musical ဇာတ်လမ်း အမျိုးအစားဖြစ်ပြီး ဒီဇာတ်ကားမှာ မြင်နေကျ မဟုတ်တဲ့ ပုံစံမျိုး တွေ့ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့က အနုပညာတခုကို ဖန်တီးကြတဲ့အခါ ဒီပေါ်မှာ ရှေ့ဆက်ပြီး အကောင်းဆုံး အနုပညာတခုကို ဖန်တီးရတာပေါ့။ ဒီးကားရဲ့ ထူးခြားချက်လေးက မြင်နေကျ မဟုတ်တဲ့ ပုံစံလေးကို တွေ့နေရတယ်။ Musical ဇာတ်လမ်းဆိုတာ ခက်ခဲတယ်။ ဒီလို ဇာတ်လမ်းမျိုးကို ရိုက်ဖို့ ရှိခဲ့တဲ့အတွက်လည်း ကျနော်တို့ ကြိုးစားခွင့်ရတာပေါ့။ ကျနော်တို့အတွက် သီချင်းဆိုတဲ့ကားကို ရုပ်ရှင်အနေနဲ့ အသက်သွင်းဖို့ ခက်ခဲပါတယ်။ ဂီတနဲ့ ရုပ်ရှင်ပေါင်းပြီး လုပ်ရတဲ့အတွက် ခက်ခဲမှု ရှိပါတယ်”လို့ နေတိုးက ပြောပါတယ်။
ရုပ်ရှင်ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်လေ့ရှိတဲ့ နေတိုးကတော့ “မိုးည အိပ်မက်မြူ”၊ “နက္ခတ်မှားတဲ့ တိုက်ပွဲ”၊ “တာတေကြီး”စတဲ့ ဇာတ်ကားများနဲ့ အကယ်ဒမီဆုများ ရရှိထားသူ ဖြစ်ပါတယ်။
You may also like these stories:
“စိုင်းစိုင်းခမ်းလှိုင် သရုပ်ဆောင်တာ တိုးတက်လာတယ်”လို့ ချီးကျူးလိုက်တဲ့ ချိုပြုံး
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးကို အဆိုတော် မနော အသံဖြင့် အသံချဲ့စက်များနှင့် ကြေညာမည်
“စိုင်းစိုင်းခမ်းလှိုင်ဆီက သင်ယူစရာတွေ များတယ်”လို့ ပြောတဲ့ အဆိုတော် နန္ဒစိုင်း