ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ကြိုတင်ဆောင်ရွက်မှု တစိတ်တပိုင်းအနေနဲ့ လူစုလူဝေး လုပ်ငန်းတွေကို ရှောင်ရှားကြဖို့ အကြံပေးထားပါတယ်။ ဒါပေမဲ့ မီလန် ဖက်ရှင်သီတင်းပတ်ကိုတော့ စီစဉ်ထားတဲ့အတိုင်း ဖေဖော်ဝါရီလ ၁၈ ရက်ကနေ ၂၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး ကိုရီးယားနာမည်ကျော် ဆယ်လီတွေ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
အခုတော့ ကိုရီးယားအဆိုတော် Chungha ဟာ သူနဲ့အတူ ခရီးမှာ လိုက်ပါခဲ့တဲ့ ဝန်ထမ်း၂ ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကို တွေ့ရှိခဲ့ရပြီးတဲ့နောက် အဲ့ဒီအဆိုတော်ကို သီးခြား ခွဲထား စောင့်ကြည့်လိုက်ပြီလို့ သိရပါတယ်။
Chungha ရဲ့ အေဂျင်စီ MNH အင်တာတိန်းမန့်ကနေ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အီတလီနိုင်ငံကနေ ပြန်လာခဲ့တဲ့ ဝန်ထမ်း၂ ဦးလုံးမှာ ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ အတည်ပြုထားပါတယ်။ အဆိုတော် Chungha ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း မရှိပေမယ့် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ကိုရီးယား စင်တာရဲ့ တောင်းဆိုမှုနဲ့ သီးခြားခွဲထား စောင့်ကြည့်ခံနေရတယ်လို့ ဆိုပါတယ်။
MNH အင်တာတိန်းမန့်က “ဘေးကင်းလုံခြုံမှုအတွက် လက်ရှိအချိန်မှာ Chungha ရဲ့ စီစဉ်ထားတဲ့ အချိန်ဇယားတွေကို ဖျက်သိမ်းသွားမှာဖြစ်ပြီး အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ အကောင်းဆုံး လုပ်ဆောင်ဖွယ်ရာတွေကို ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။
ကိုရီးယားမီဒီယာတွေရဲ့ အဆိုအရ မီလန်ဖက်ရှင်သီတင်းပတ်ကို တက်ရောက်ခဲ့တဲ့ တခြားကိုရီးယား အနုပညာရှင်တွေထဲမှာ မင်းသမီး ဆောင်းဟေဂို၊ မင်းသမီး ပတ်မင်ယောင်၊ မင်းသမီး IU နဲ့ Blackpink အဖွဲ့ဝင် Lisa တို့ ပါဝင်ကြပြီး သူတို့တွေလည်း ဗိုင်းရပ်စ် ကူးစက်ခံထားရပြီလားလို့ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ သူတို့တွေလည်း ဟိုတယ်တခုတည်းမှာ အတူတူ တည်းခိုခဲ့ပြီး ခရီးစဉ်တခုလုံးမှာ အတူတူ သွားလာလှုပ်ရှားခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဲ့ဒီအနုပညာရှင်တွေနဲ့ သူတို့ရဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အေဂျင်စီတွေကတော့ သူတို့တွေဆီမှာ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခံထားရပြီလားဆိုတာ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ မတ်လ ၂ ရက်နေ့အထိတော့ တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူအရေအတွက် ၄,၃၀၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး တရုတ်နိုင်ငံပြင်ပမှာ ကူးစက်ခံရမှု အများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ သေဆုံးသူကတော့ ၂၆ ဦးအထိ ရှိခဲ့ပါတယ်။
Ref: www.asiaone.com
You may also like these stories:
Captain Marvel Evil ကို Avengers 5 မှာ တွေ့မြင်ရနိုင်ခြေ ရှိကြောင်း သတင်းထွက်ပေါ်
“Parasite” ရုပ်ရှင်အပြင် နောက်ထပ် ကြည့်ရှုသင့်တဲ့ ကိုရီးယားရုပ်ရှင်ကောင်းများ
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေမှုကြောင့် တောင်ကိုရီးယားမှာ BTS အဖွဲ့ရဲ့ ဖျော်ဖြေပွဲများ ဖျက်သိမ်း