မင်းသမီး Jyotika ဟာ မကြာခင် ရုံတင်တော့မယ့် တမီးလ် သည်းထိတ်ရင်ဖိုရုပ်ရှင် “Pon Magal Vandhal” မှာ ရှေ့နေတဦးအဖြစ် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ရုပ်ရှင် အတွက် ပထမဆုံး ပိုစတာကို ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
အဲ့ဒီ ပိုစတာထဲမှာ ရှေ့နေဝတ်စုံကို ဝတ်ထားတဲ့ မင်းသမီးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ အနုပညာ သက်တမ်းတလျှောက် ရှေ့နေအဖြစ် ပထမဆုံး သရုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ကို လာမယ့် မတ်လ ၂၇ ရက်နေ့ကစလို့ ကမ္ဘာတဝန်းမှာ ပြသသွားမှာဖြစ်တယ်လို့လည်း ထုတ်လုပ်သူတွေက အတည်ပြုထားပါတယ်။
တက်သစ်စ ဒါရိုက်တာ JJ Fredrick ရိုက်ကူးခဲ့တဲ့ အဲ့ဒီ ရုပ်ရှင် မှာ အဓိကကျတဲ့ ဇာတ်ရုပ်တွေကနေ K Bhagyaraj, R Parthiepan, Pandiarajan နဲ့ Pratap Pothen တို့လည်း ပါဝင်လာကြမှာပါ။ မင်းသမီး Jyotika ရဲ့ ခင်ပွန်း မင်းသား Suriya က အဲ့ဒီ ရုပ်ရှင် တခုလုံးကို ထုတ်လုပ်ပေးထားပါတယ်။
မင်းသမီးကိုတော့ “Thambi” ရုပ်ရှင်မှာ နောက်ဆုံးတွေ့မြင်ခဲ့ကြရတာပါ။ အဲ့ဒီရုပ်ရှင်ဟာ အကောင်းမြင်မှတ်ချက် တော်တော်များများ ရရှိခဲ့ပေမယ့် ရုံဝင်ငွေတော့ သိပ်မကောင်းခဲ့ပါဘူး။
မင်းသမီးဟာ အချိန် ၈ နှစ်လောက် အနုပညာလောကကနေ ခေတ္တအနားယူခဲ့ပြီးတဲ့နောက် 36 Vayadhinile ရုပ်ရှင်မှာ ပြန်လည် သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဇာတ်ကောင်အမျိုးသမီးကို အဓိကထားတဲ့ ရုပ်ရှင် တွေကိုသာ ရွေးချယ်ရိုက်ကူးဖြစ်ခဲ့ပါတယ်။ အဲ့ဒီလိုမျိုး ရုပ်ရှင် တွေမှာ ပါဝင်ဖို့ဆိုတဲ့ မင်းသမီးရဲ့ ဆုံးဖြတ်ချက်ကို ခင်ပွန်း Suriya က ထုတ်လုပ်သူအဖြစ် ပါဝင်ပြီး ထောက်ပံ့ပေးခဲ့ပါတယ်။
မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ခင်ပွန်းဆီကနေ ရတဲ့ ထောက်ပံ့မှုအကြောင်း မေးမြန်းခဲ့ရာမှာ မင်းသမီးက အခုလိုပဲ ဖြေကြားခဲ့ပါတယ်။
“Suriya က စူးစမ်းရှာဖွေဖို့ လွတ်မြောက်မှုကို ပေးပါတယ်။ အမြဲတမ်းလည်း ကျမ ဘေးကနေ ရပ်တည်ပါတယ်။ ကျမတို့က ဇာတ်ညွှန်းတွေကို အမြဲတမ်း ဆွေးနွေးကြပေမယ့် ကျမရဲ့ ဆုံးဖြတ်ချက်ကိုတော့ သူကဘယ်တော့မှာ မနှောင့်ယှက်ပါဘူး။ ပြီးတော့ သူက ရုပ်ရှင် တွေ ထပ်ရိုက်ဖို့ ခွန်အားပေးပါတယ်။ ကျမတို့က တယောက်ကို တယောက် ကောင်းကောင်းနားလည်ကြပါတယ်”လို့ မင်းသမီးက ဆိုပါတယ်။
မင်းသမီးဟာ လက်ရှိမှာ နာမည်မပေးရသေးတဲ့ တမီးလ် ဒရာမာရုပ်ရှင် တကားကိုလည်း ရိုက်ကူးထားပါသေးတယ်။ ရုပ်ရှင် ရိုက်ကူးရေး လုပ်ငန်းတွေကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ စတင်ခဲ့ပြီးဖြစ်ပါတယ်။
Ref: hindustantimes
You may also like these stories:
“Parasite” ရုပ်ရှင်အပြင် နောက်ထပ် ကြည့်ရှုသင့်တဲ့ ကိုရီးယားရုပ်ရှင်ကောင်းများ
တန်ဖိုးကြီး အဝတ်အစားတွေထက် တန်ဖိုးနည်းနည်းနဲ့ ဖက်ရှင်ကျတဲ့ ကမ္ဘာကျော်များ
မိန်းကလေးလို သရုပ်ဆောင်ပီပြင်လို့ ပရိသတ်တွေ သဘောကျနေတဲ့ ကလေးသရုပ်ဆောင် ဆိုဝူဂျင်း