မြန်မာနိုင်ငံရဲ့ ဂီတလောကမှာ အောင်မြင်မှုကို အချိန်တော်ကြာ ထိန်းထားနိုင်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ အောင်မြင်မှုကို ဘယ်လို ထိန်းသိမ်းထားလဲဆိုတာ အခုလိုပဲ ပြောပါတယ်။
“အောင်မြင်မှုကို ဘယ်လို ထိန်းသိမ်းရမလဲဆိုပြီး လာလာမေးကြတယ်။ ကျနော်လည်း စဉ်းစားတယ်။ တကယ်တမ်းက အောင်မြင်မှုကို ထိန်းသိမ်းတာ မရှိဘူးလို့ ကျနော် ထင်တယ်။ ကျနော့် အထင်ပေါ့။ နေ့ရက်တွေက တရက်ပြီး တရက် အသစ်ဖြစ်သွားတာပေ့ါ။ မနေ့ကဆိုတာ မရှိတော့ဘူး။ မနက်ဖြန်ဆိုတာ အနာဂတ်ပေါ့။ မနေ့က သီချင်းကို ထိန်းသိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“တောဂေါ်လီ သီချင်း အောင်မြင်တယ်။ တောဂေါ်လီကို ထိန်းသိမ်းနေဖို့ မဖြစ်နိုင်ဘူး။ အဲ့တော့ အောင်မြင်မှု အဟောင်းတွေကို ထိန်းသိမ်းလို့ မရဘူး၊ ရလဒ်အသစ်တွေ၊ အောင်မြင်မှု အသစ်တွေကိုပဲ ထိန်းသိမ်းလို့ရမယ်လို့ ထင်မြင်မိပါတယ်။ အောင်မြင်မှုဆိုတာ လက်မှာ ပိုက်ထားလို့ မရဘူး”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
ဆက်လက်ပြီး စိုင်းစိုင်းခမ်းလှိုင်က အောင်မြင်မှုက ရုပ်ရည်နဲ့ မဆိုင်ဘူးလို့လည်း ပြောပါတယ်။
“အောင်မြင်မှုက ရုပ်ရည်နဲ့ မဆိုင်ပါဘူး။ မနက်ဆိုလည်း မျက်နှာသစ်၊ သွားတိုက်ရင် ကိုယ့်ရုပ်ကြီးကိုယ် မှန်ထဲမြင်နေရတာပဲလေ။ ကိုယ့်ကိုယ်ကိုယ် အိုစာလာတာ သိပါတယ်။ အခုခေတ်ပေါ် ဖုန်းတွေနဲ့ Selfie ရိုက်လိုက်ရင် လှသွားတာပဲ။ ပုံတွေတင်ရင်သာ ဒီဘဲကြီး မအိုသေးဘူး ဆိုပေမယ့် သူ့အသက်အရွယ်နဲ့သူတော့ အိုနေပါပြီ”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
လှုမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ စိုင်းစိုင်းရဲ့ ဓာတ်ပုံတွေနဲ့ စနောက်နေကြတဲ့အပေါ် လည်း စိတ်အနှောင့်အယှက် မဖြစ်ဘဲ ရယ်ရတယ်လို့ ဆိုပါတယ်။
“ကျနော်လည်း စိတ်ဖိစီးမှု များပါတယ်။ ကျနော် တယောက်တည်း မဟုတ်ပါဘူး။ ကျနော့် Frenzo Team ရှိတယ်။ ဂီတမှာလည်း အဖွဲ့တွေ ရှိတယ်။ ကျနော် တယောက်တည်း အောင်မြင်နေတာ ကျနော်မကြိုက်ဘူး။ အကုန်လုံး တွဲဖက်ပြီး အလုပ်လုပ်တယ်။ အတတ်နိုင်ဆုံး ညအိပ်ခါနီးရင် ကိုယ့်ဘဝကို ကျေနပ်အောင် ကြိုးစားတယ်။ ဒေါသနဲ့ မအိပ်ဘူး။ ဒေါသနဲ့ ထရတာ မကြိုက်ဘူး”
“အဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စေမယ့်၊ အဓိပ္ပာယ် မရှိတာတွေဆိုလည်း မဖတ်ဘူး။ ဝေဖန်ရင် ဖတ်တယ်။ ထောက်ပြရင် ပြင်လိုက်တယ်။ ဆဲရင်လည်း ဘလော့လိုက်တယ်။ Troll တာတွေကကျတော့ စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ သူတို့က ကာတွန်းလိုပဲ ရယ်ရတယ်။ ပျော်ဖို့လည်း ကောင်းတယ်” လို့ စိုင်းစိုင်းက ပြောပါတယ်။
စိုင်းစိုင်းကတော့ သူပေါင်းသင်းတဲ့ သူငယ်ချင်းတွေထဲမှာ အရွယ်စုံရှိပြီး အကုန်လုံး အဆင်ပြေအောင် ပေါင်းသင်းသလို ပျော်အောင် နေတယ်လို့လည်း ဆိုပါတယ်။
“ကျနော် အခုပေါင်းတဲ့ သူငယ်ချင်းတွေထဲမှာ လူငယ်တွေ၊ လူကြီးတွေနဲ့ ကလေးတွေလည်း ရှိတယ်။ ယောကျ်ားလေးတွေလည်း ရှိသလို၊ မိန်းကလေးတွေလည်း ရှိတယ်။ လူတိုင်းက မတူညီတဲ့ အတွေ့အကြုံတွေ ဗဟုသုတတွေ ရှိကြတယ်။ လူတိုင်းလူတိုင်းမှာ မတူညီတဲ့ အမြင်တွေ ရှိတယ်။ မတူညီတဲ့ အိုင်ဒီယာတွေ ရှိတယ်။ ဘယ်သူတွေနဲ့ ပေါင်းရတယ်၊ မပေါင်းရဘူးဆိုတာ မရှိဘူး။ ကျနော် ပျော်အောင်ပဲ နေတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
စိုင်းစိုင်းဟာ ဂီတဘက်မှာ အောင်မြင်ရုံတင်မက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့လည်း ရုပ်ရှင်ဇာတ်ကားတွေမှာပါ ပါဝင် သရုပ်ဆောင်နေပါတယ်။ လတ်တလောမှာလည်း စိုင်းစိုင်း ပါဝင်ထားတဲ့ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကား ရုံတင် ပြသဖို့ ရှိပါတယ်။
You may also like these stories:
“လက်ထပ်ဖို့ အလျင်မလိုသေးဘူး”လို့ ဂျန်နီဖာလိုပက်ဇ် ပြော
“Pon Magal Vandhal” ရုပ်ရှင်မှာ ရှေ့နေအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Jyotika
ဝန်ထမ်း၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် အဆိုတော် Chungha အား စောင့်ကြည့်နေရ