“ပိတောက်ကတဲ့ ဂီတ”ရုပ်ရှင်မှာ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ပိုးမမှီသာကတော့ ဒီဇာတ်ကားမှာ သူ့ရဲ့ သရုပ်ဆောင်မှုကို အောင်မှတ် အပြည့်ရတယ်လို့ မခံယူသေးဘူးလို့ ဆိုပါတယ်။
“ပိတောက်ကတဲ့ ဂီတ ဇာတ်ကား သရုပ်ဆောင်မှုတွေက အောင်မှတ် အပြည့်ရတယ်လို့ မခံယူသေးပါဘူး။ တနိုင်ငံလုံး ၅ ရက်နေ့မှ ကိုယ့်ကို လာကြည့်တဲ့ ပရိသတ်တွေက ဘယ်လို မှတ်ချက်ပေးမလဲလို့ ရင်ခုန်နေပါတယ်။ အောင်မှတ် ရတယ်လို့ မခံယူပါဘူး။ အကောင်းဆုံးတော့ မျှော်လင့်နေပါတယ်”လို့ ပိုးမမှီသာက ပြောပါတယ်။
ဆက်လက်ပြီး ပိုးမမှီသာက ဒီဇာတ်ကားမှာ စိန်ခေါ်မှုတွေများခဲ့ပြီး စရိုက်ကတည်းကနေ ခုချိန်ထိ နေ့တိုင်း စိတ်လှုပ်ရှားခဲ့ရတယ်လို့ ဆိုပါတယ်။
“ဒီကားက စိန်ခေါ်မှုတွေလည်း များခဲ့တယ်၊ အခက်အခဲတွေလည်း များခဲ့တယ်ဆိုတော့ ညီမ နောက် ဘာပဲ ဆက်လုပ် ဆက်လုပ်၊ အမြဲအမှတ်ရနေမယ့် ဇာတ်ကားဖြစ်ပါတယ်။ နောက်ဇာတ်ကား ဆက်ရိုက်၊ မရိုက်ကတော့ ဒီကားကိုကြည့်ပြီး ထုတ်လုပ်သူတွေ၊ ပရိသတ်တွေက ကိုယ့်ကို ဆက်လက် လုပ်ခွင့်ပေးပါ့မလားဆိုတာပေါ် မူတည်ပါတယ်။ ဇာတ်ကား စရိုက်ကတည်းကနေ အခုချိန်ထိ နေ့တိုင်း စိတ်လှုပ်ရှားစရာ ကောင်းနေပါတယ်”လို့ ပိုးမမှီသာက ပြောပါတယ်။
ရုပ်ရှင်ထဲမှာလို ဂရုစိုက်ပြီး ချစ်တဲ့သူအပြင်မှာ မရှိသေးဘူးဆိုတဲ့ ပိုးမမှီသာက ပျော်အောင်ထားတဲ့သူဆိုရင်တော့ သဘောကျမိမှာလို့ ဆိုပါတယ်။
အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ သရုပ်ဆောင် ပိုးမမှီသာ (ဓာတ်ပုံ – ပိတောက်ကတဲ့ ဂီတ Facebook Page)
“မိန်းကလေးတွေကတော့ ချစ်တတ်တဲ့ ယောကျ်ားလေးဆိုရင် ပိုသဘောကျကြတာပေါ့နော်။ ဒီဇာတ်ကားထဲမှာ အဂ္ဂါစိုင်းက အရမ်းချစ်တတ်တဲ့သူဖြစ်တော့ ပရိသတ်တွေကလည်း သဘောကျကြတယ်။ မိန်းကလေးတွေရဲ့ Idol တယောက်အနေနဲ့ ပါဝင်ထားတာလည်းဖြစ်တယ်။ ဒီဇာတ်ကားထဲမှာလည်း ဇာတ်ဝင်ခန်းတိုင်းအပေါ် ဘယ်လို သရုပ်ဆောင်ကြမလဲဆိုတာမျိုးကို သေသေချာချာ ညှိနှိုင်းဆောင်ရွက်ခဲ့တာပါ”
“မိန်းကလေးတွေ အိပ်မက်က ကိုယ့်ကို ဂရုစိုက်ပြီး ချစ်တဲ့သူဆို သဘောကျတာပဲဆိုတော့ ရုပ်ရှင်ထဲမှာလို ဂရုစိုက်ပြီး ချစ်တဲ့သူအပြင်မှာ ရှိရင်ကောင်းတာပေါ့။ အဂ္ဂါစိုင်းလို ကောင်လေးမျိုးတော့ ညီမှာ မရှိဖူးဘူး။ ကိုယ့်ကို ပျော်အောင်ထားတဲ့သူဆိုရင်တော့ သဘောကျမိမှာပါ”လို့ ပိုးမမှီသာက ပြောပါတယ်။
ဆရာဝန်တဦး ဖြစ်တဲ့ သရုပ်ဆောင် ပိုးမမှီသာကို SAI Cosmetic ကြော်ငြာကနေ ပရိသတ်တွေ စတင်သိခဲ့တာဖြစ်ပြီး အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ “သိင်္ဂါရ သီချင်းတစ်ပုဒ်” ဆိုတဲ့ Music Video ကနေ တဆင့် ပရိသတ် အားပေးမှု ရရှိခဲ့သူပါ။
“ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ မီးပွား ရိုက်ကူး ပုံဖော်ထားတာဖြစ်ပြီး အဓိက သရုပ်ဆောင်တွေ အနေနဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ကျော်သူနဲ့ ပိုးမမှီသာတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ပိုးမမှီသာနဲ့ စိုင်းစိုင်းအတူ တွဲပြီး ပထမဆုံးအကြိမ် ရိုက်ကူးတဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ်။
You may also like these stories:
“အောင်မြင်မှုက ရုပ်ရည်နဲ့ မဆိုင်ဘူး”လို့ ပြောလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်
“စိုင်းစိုင်းခမ်းလှိုင်ဆီက သင်ယူစရာတွေ များတယ်”လို့ ပြောတဲ့ အဆိုတော် နန္ဒစိုင်း