The Voice Myanmar Season 1 ပြိုင်ပွဲမှ Winner တယောက်ဖြစ်တဲ့ အဆိုတော် ငွေစိုးကတော့ ပြိုင်ပွဲများစွာက ဝင်ရောက်လာတဲ့ အဆိုတော်များစွာရှိတဲ့ထဲမှ ကိုယ်တိုင် ပရိသတ်ရှေ့မှ ပျောက်ကွယ်မသွားစေရန် ကိုယ်ပိုင်သီချင်းတွေ မွေးဖွားရမယ်လို့ ပြောပါတယ်။
“ကိုယ်ပိုင်သီချင်းတွေ မွေးဖွားရမှာပေါ့။ ကိုယ်ပိုင်သီချင်းတွေ ရှင်သန်အောင် ပရိသတ်ဆီကို ကိုယ်ပိုင်သီချင်းတွေ ရောက်သွားရင် အလိုလိုနေရင်း မပျောက်တော့ပါဘူး။ သူတို့ရင်ထဲ သူတို့မျက်စိထဲမှာ အဆက်မပြတ် ရှိနေမှာပါ”လို့ အဆိုတော် ငွေစိုးက ပြောပါတယ်။
ဝါသနာပါတဲ့အလုပ်ကို အဆက်မပြတ် လုပ်ကာ ကြိုတင်စီစဉ်ထားတာတွေ ရှိရမှာဖြစ်ပြီး ငွေစိုးကိုယ်တိုင်လည်း သီချင်းအတွက် ကြိုတင်စီစဉ်တာတွေလည်း လုပ်ထားတယ်လို့ သိရပါတယ်။
“တကယ်တမ်းတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်ပြီဆိုမှတော့ အဆက်မပြတ်အောင် ကြိုတင်စီစဉ်ထားတာတွေလည်း ရှိရမှာပေါ့။ ကျနော်ကတော့ ကြိုတင် စိတ်ကူးထားတယ်။ အခွေထွက်ပြီး ၃၊ ၄ လကြာရင် ထွက်ဖို့သီချင်းတွေ သွင်းထားတာ အဆင်သင့် ရှိတယ်။ ကြိုတင်စီစဉ်ထားတာတွေပေါ့” လို့ ငွေစိုးက ပြောပါတယ်။
မကြာခင်ရက်ပိုင်းမှာလည်း ငွေစိုးက သူ့ရဲ့ပထမဆုံး တကိုယ်တော်အခွေဖြစ်တဲ့ “ဂီတသစ်ပင်” ကိုထွက်ရှိတော့မှာဖြစ်ပြီး ပြိုင်ပွဲပြီးတဲ့အချိန်နဲ့ အချိန်ကာလတခုအထိ ကွာဟသွားခဲ့တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
“ကြားထဲမှာ တနှစ်ခွဲ၊ ၂ နှစ်နီးပါးလောက်ကြာသွားတယ်။ သေချာစီစဉ်နေလို့ကြာသွားတယ်။ ကြားထဲမှာ အခွေထွက်ဖို့ ကြာသွားတယ်ဆိုတာက Single Song လေးတွေ ထွက်တယ်။ အွန်လိုင်းမှာလည်းဖြန့်တယ်။ ပြီးတော့တခြားပွဲတွေ ဘာတွေလည်း သွားဆိုနေတော့လေ အခွေကအားတဲ့အချိန်တွေ နောက်ပြီးကောင်းကောင်းမွန်မွန် ကျစ်ကျစ်လျစ်လျစ်၊ ခိုင်ခိုင်မာမာလည်း ချပြချင်လို့ပြင်ဆင်နေတာကြောင့် ကြာသွားတာပါ” လို့ ငွေစိုးက ပြောပါတယ်။
အခွေနာမည် “ဂီတသစ်ပင်” ဆိုပြီး ပေးဖြစ်ခဲ့တာကိုလည်း ငွေစိုးက “နာမည်လေး ပေးဖြစ်တာကတော့ အခွေထဲက သီချင်းတွေနဲ့တော့ မဆိုင်ဘူး။ သီးသန့် စိတ်ကူးလေးက အဲ့လို ရှိလို့ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး ပေးဖြစ်တာပါ။ သီချင်းတွေကတော့ ဒီခေတ်မှာ အားလုံးကြိုက်မယ့် သီချင်းလေးတွေပါ။ အားလုံး ခံစားမှုတွေ များတယ်” လို့ ပြောပါတယ်။
အဆိုပါ အခွေထဲမှာတော့ သီချင်း ၇ ပုဒ်ပါဝင်ပြီး The Voice Myanmar မှ Coach ဖြစ်တဲ့ အဆိုတော်လင်းလင်းကလည်း အစစအရာရာ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
“ကိုလင်းကတော့ အစစအရာရာပါပဲ။ ဒီသီချင်းတွေ ဖန်တီးတာက အစပေါ့။ သီချင်းတွေက ဆင်တယ်ဆိုတာက ကျနော်တို့ က သူငယ်ချင်းတွေလိုဖြစ်နေတော့ စိတ်တွေက တူသလိုဖြစ်နေတော့ အဓိကကတော့ မဆိုင်ပါဘူး။ ပရိသတ်ကို ပြောချင်တာကတော့ ဘယ်သူပဲရေးရေး၊ ဘယ်သူပဲ ဖန်တီးဖန်တီး ကျနော်ကိုယ်တိုင် ဆိုတာ။ ကျနော့်ရင်ဘတ်နဲ့ ခံစားပြီးဆိုထားတာဆိုတော့ ဘယ်သူ့ကြောင့် ဘယ်လိုဆင်တာမတွေးပါနဲ့ပေါ့။ သီချင်းကိုပဲ ခံစားပါလို့” လို့ ငွေစိုးက ပြောပါတယ်။
ပြိုင်ပွဲမှာကတည်း သီချင်းများကို အတူတူ တိုင်ပင်ကာ သီဆိုခဲ့ပြီး အခွေမှာလည်း လင်းလင်းက သီချင်းဖန်တီးတာကအစ ကူညီခဲ့တာကြောင့် လောင်းရိပ်မိတာမျိုးဖြစ်မှာ မစိုးရိမ်ဘူးလားဆိုတာကိုလည်း အခုလို ပြောခဲ့ပါတယ်။
“လောင်းရိပ်မိတယ် မဟုတ်ပါဘူး။ ဂီတမှာ လွတ်လပ်စွာသွားတာပါပဲ။ သီချင်းတွေမှာ လောင်းရိပ်မိတယ်လို့ ကျနော်တော့ မခံယူမိပါဘူး။ ကျနော်ကိုယ်တိုင်လည်း ဂီတကို လွတ်လွတ်လပ်လပ်ပဲ သွားချင်တယ်။ ဆိုနိုင်သလောက် ဆိုတတ်သလောက်ပဲဆိုတာ မဆိုနိုင်ဘဲနဲ့လည်း တအားကြီးဆိုထားတာ မဟုတ်ဘူး။ ကိုယ်ဆိုနိုင်သလောက်ပဲ ဆိုတာပါ” လို့ ငွေစိုးက ပြောပါတယ်။