လူငယ်အကြိုက် သီချင်းတွေ ရေးစပ်သီဆိုပြီး အနုပညာအလုပ်တွေလည်း ဆက်တိုက် လုပ်ကိုင်နေတဲ့ အဆိုတော် G Fatt က ကျောင်းသင်္ကြန်တွေမှာ သီချင်းသွားဆိုဖို့ ရှိတယ်လို့ ဆိုပါတယ်။
“လတ်တလောကတော့ Samsung နဲ့ တွဲလုပ်မယ့် လှုပ်ရှားမှုတွေရယ်၊ တက္ကသိုလ်တွေ သွားပြီးတော့လည်း ဂိမ်းတွေဆော့၊ နေ့လယ်စာ စားမယ့် အစီအစဉ်လည်း ရှိတယ်။ ပြီးတော့ သီချင်းသစ်လည်း ထွက်ဖို့ ရှိပါတယ်။ သင်္ကြန်ကတော့ ရန်ကုန်မှာလည်းရှိမယ်။ မန္တလေးလည်းသွားဖို့ စဉ်းစားနေတယ်။ ကျောင်းသင်္ကြန်တွေမှာလည်း သီချင်းသွားဆိုဖို့ ရှိပါတယ်”လို့ G Fatt က ပြောပါတယ်။
ဆက်လက်ပြီး အဆိုတော် G Fatt က သူ့ရဲ့ “မြို့ပြရဲ့အဝေး” သီချင်း Music Video ရိုက်ကူးဖို့အတွက် မြန်မာပြည်အနှံ့ ခရီးတွေ ထွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
“မြို့ပြရဲ့အဝေး Music Video ရိုက်ဖို့ တခြားပိုင်းလေးတွေ ကျန်ပါသေးတယ်။ ကျနော်တို့ နိုင်ငံအလှအပတွေ ရိုက်ရတဲ့အတွက် ခရီးကို ၄၊ ၅ ခုလောက် သွားရိုက်ဖို့ စီစဉ်ထားပါတယ်။ ကျနော် အားတဲ့ရက်လေးကို စီစဉ်ပြီး သွားရိုက်မှာပါ။ သူငယ်ချင်း ၅ ယောက် ခရီးစုထွက်ဖြစ်တဲ့ အကြောင်းလေးပါ။ ရှမ်းပြည်နယ်ဘက် အခြမ်းတော့ ရိုက်ပြီးပြီ။ ဖျော်ဖြေရေးနဲ့တော့ ညှိနှိုင်းပြီး လုပ်ပါတယ်”လို့ G Fatt က ပြောပါတယ်။
အဆိုပါ “မြို့ပြရဲ့အဝေး” သီချင်းကို နေရာစုံရောက်သွားတယ်လို့ ခံစားရအောင် ရိုက်သွားမှာဖြစ်ပြီး အသစ်ထွက်လာမယ့် Music Video တွေကို အားပေးဖို့ G Fatt က အခုလိုပဲ ဆိုပါတယ်။
“သီချင်းကို နားထောင်လိုက်တိုင်း ခရီးတွေ သွားနေရသလိုပဲ။ ပရိသတ်တွေ ကြည့်ပြီး နားထောင်တဲ့အခါ နေရာစုံရောက်သွားတယ်လို့ ခံစားရအောင် ရိုက်သွားမှာပါ။ ကျနော် ထွက်လာမယ့် Music Video တွေကိုလည်း စောင့်ပြီး အားပေးကြပါဦး”လို့ G Fatt က ပြောပါတယ်။
အဆိုတော် G Fatt ဟာ ဂီတလောကမှာ လူငယ် ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိထားသူ ဖြစ်ပြီး တကိုယ်တော် အခွေဖြစ်တဲ့ “120/B” ဆိုတဲ့ အခွေ နောက်ဆုံးထွက်ရှိထားပါတယ်။
You may also like these stories:
“ပရိသတ်ရှေ့က မပျောက်အောင် ကိုယ်ပိုင်သီချင်းတွေ မွေးဖွားရမယ်”လို့ ငွေစိုး ပြော
“ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကို စရိုက်ကတည်းက စိတ်လှုပ်ရှားခဲ့တဲ့ ပိုးမမှီသာ
“အောင်မြင်မှုက ရုပ်ရည်နဲ့ မဆိုင်ဘူး”လို့ ပြောလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်