ဂျိမ်းစ်ဘွန်းရုပ်ရှင် ပရိသတ်တွေကတော့ သူတို့မျှော်လင့်နေတဲ့ ဇာတ်ကားသစ် ရုံမတင်ခင် ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးကို အလေးထားဖို့ စတူဒီယိုကို တိုက်တွန်းခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့တုန်းက နာမည်ကျော် Fansite တခုဖြစ်တဲ့ MI6-HQ က လက်ရှိမှာ ကိုရိုနားဗိုင်းရပ်စ် ဖြစ်ပွားနေမှုကို စိုးရိမ်နေရတာကြောင့် “No Time to Die” ရုပ်ရှင် ဖြန့်ချိ ပြသမယ့်ရက်ကို ရွှေ့ဆိုင်းပေးဖို့ EON, MGM နဲ့ Universal စတူဒီယိုတွေဆီကို တောင်းဆိုခဲ့ပါတယ်။
အဲ့ဒီ တောင်းဆိုစာထဲမှာ “ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်ရောဂါအသွင် ရောက်ရှိလာတာကြောင့် ရုပ်ရှင်ဖြန့်ချိပြသဖို့ ဈေးကွက်ကိစ္စတွေနဲ့ အများပြည်သူတွေလာရောက်မယ့် ပွဲတွေ ဖျက်သိမ်းရမှုကြောင့် ကုန်ကျငွေတွေထက် ပြည်သူကျန်းမာရေးကို ဦးစားပေးရမယ့် အချိန်ဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။ အဲ့ဒီ စာထဲမှာ လူအမြောက်အများ စုဝေးခွင့်ကို တားမြစ်ထားပြီး ရုပ်ရှင်ရုံတွေကို ပိတ်ထားရတဲ့ အီတလီ၊ ပြင်သစ်နဲ့ တရုတ်နိုင်ငံတို့ အပါအဝင် နိုင်ငံတချို့ကိုလည်း ထောက်ပြထားပါတယ်။
ပြီးတော့ “‘No Time To Die’ ကို ကမ္ဘာတဝန်းမှာ ပြသဖို့ တလလောက်ပဲ လိုတော့တဲ့အချိန်မှာ လူထုအကြား ဗိုင်းရပ်စ် ပျံ့နှံ့မှုဟာ အမေရိကန်နိုင်ငံမှာ တော်တော်လေးကို ထိပ်ဆုံးရောက်နေပါတယ်။ ဒီနေ့၊ ဝါရှင်တန်ပြည်နယ်မှာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါပြီ။ ဧပြီလ အစောပိုင်းအထိ ရုပ်ရှင်ရုံတွေ ပိတ်လိုက်ရတာမျိုး၊ ဒါမှမဟုတ် ရုံဝင်လူဦးရေကို လျှော့ချလိုက်ရတာမျိုး အခြေအနေတွေလည်း ရှိနေပါတယ်။
“ရုပ်ရှင်ရုံတွေဖွင့်ဖို့ တရားရေးပိုင်းဆိုင်ရာအရ ကန့်သတ်မှုမရှိရင် Skyfall ထဲက ပြောစကားတခုလို ဘယ်လိုလုပ် ဘေးကင်းလုံံခြုံမှုကို ခံစားရပါတော့မလဲ” လို့ ဆိုပါတယ်။
MI6-HQ က “ ဒီကူးစက်ရောဂါကို နှိမ်နှင်းထိန်းချုပ်နိုင်မယ်လို့ ကျွမ်းကျင်သူတွေ ခန့်မှန်းထားတဲ့ လာမယ့် နွေရာသီကာလ မတိုင်ခင်အထိ No Time To Die ဖြန့်ချိမှုကို ရွှေ့ဆိုင်းထားပေးပါ။ ဒါဟာ ရုပ်ရှင်တကားသာ ဖြစ်ပါတယ်။ ကမ္ဘာတဝန်းက ကျန်းမာတဲ့ ပရိသတ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေက ပိုအရေးကြီးပါတယ်”
“ဒီရုပ်ရှင်အတွက် ကျနော်တို့တွေ ၄ နှစ်ကျော်လောက် စောင့်ဆိုင်းခဲ့ရပြီးပါပြီ။ နောက်လ အနည်းငယ် လောက်နဲ့တော့ ရုပ်ရှင်ရဲ့ အရည်အသွေးကို ထိခိုက်စေမှာ မဟုတ်ဘဲ Daniel Craig ရဲ့ နောက်ဆုံး ကြုံးဝါးမှုအတွက် ရုံဝင်ငွေ အထောက်အကူတောင် ရပါလိမ့်မယ်” လို့ ဖော်ပြထားပါတယ်။
အခုလိုမျိုး ရေးသားပေးပို့လာတဲ့ အိတ်ဖွင့်ပေးစာနဲ့ ပတ်သက်လို့ စတူဒီယိုတွေကတော့ မှတ်ချက် တစုံတရာ ပေးတာမျိုး မရှိသေးပါဘူး။
Ref: etcanada
You may also like these stories:
အရှေ့တောင်အာရှနိုင်ငံအချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ သွားမှာ ပညာရှင်များ စိုးရိမ်နေ
ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့ရတာဟာ ထူးခြားတဲ့ အတွေ့အကြုံလို့ Daniel Craig ပြော