ထိပ်သီး စမတ်ဖုန်းကုမ္ပဏီ Xiaomi က ယနေ့မှာ “Black Shark 3” နဲ့ “Black Shark 3 Pro” အမည်ရ Gaming ဖုန်းအသစ်နှစ်လုံးကို မိတ်ဆက်ပေးလိုက်ပါတယ်။ 5G ကွန်ရက် အသုံးပြုနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ဂိမ်းမင်းဖုန်းတွေလို့ ကုမ္ပဏီက ကြွေးကြော်ထားပြီး၊ ယခင် Black Shark ဖုန်းတွေအတိုင်း ဂိမ်းသီးသန့် စနစ်များစွာ ပါဝင်လာပါတယ်။
“Black Shark 3” နဲ့ “Black Shark 3 Pro” တို့မှာ 5G ချိတ်ဆက်နိုင်တဲ့ Snapdragon 865 Chipset ကို အသုံးပြုထားပြီး၊ 8GB RAM နဲ့ 12GB RAM နှစ်မျိုးနှစ်စား ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
မော်ဒယ်နှစ်ခုကြား ကွာခြားချက်အနေနဲ့ Pro မော်ဒယ်မှာ မြန်နှုန်းပိုမိုမြင့်မားတဲ့ LPDDR5 RAM အမျိုးအစားကို အသုံးပြုထားပြီး၊ ရိုးရိုးမော်ဒယ်မှာတော့ LPDDR4X ကို အသုံးပြုထားပါတယ်။ Storage ကိုလည်း မြန်နှုန်းမြင့် UFS 3.0 အသုံးပြုထားပြီး၊ 128GB နဲ့ 256GB နှစ်မျိုး ရွေးချယ်နိုင်မှာပါ။
ယခု Black Shark 3 ဖုန်းတွေမှာ ဘက်ထရီကို နှစ်ခု ခွဲထည့်ထားပြီး၊ Pro မော်ဒယ်မှာ 5,000mAh ဘက်ထရီနဲ့ ရိုးရိုးမော်ဒယ်မှာ 4,720mAh ဘက်ထရီတို့ ပါဝင်ပါတယ်။ Pro မော်ဒယ်မှာ 65W အားအမြန်သွင်းစနစ် ပါဝင်ပြီး၊ ဘက်ထရီအား ၁၀၀ ရာခိုင်နှုန်းအပြည့်ကို ၃၈ မိနစ်အတွင်း မြန်ဆန်စွာ သွင်းပေးနိုင်မှာပါ။ ရိုးရိုးမော်ဒယ်မှာတော့ 30W အားအမြန်သွင်းစနစ်အထိပဲ ရရှိမှာ ဖြစ်ပါတယ်။
Black Shark 3 စီးရီးမှာ ထူးခြားချက်တခုက သံလိုက်အားသွင်းစနစ် ပါဝင်လာတာ ဖြစ်ပါတယ်။ USB-C အပေါက်ကနေ သမားရိုးကျနည်းအတိုင်း အားသွင်းနိုင်သလို ဂိမ်းဆော့ရာမှာ အနှောင့်အယှက်မဖြစ်စေဖို့အတွက် ဖုန်းနောက်မှာ 18W သံလိုက်အားသွင်းကြိုး ကပ်ပြီးလည်း အားသွင်းနိုင်ပါတယ်။
Black Shark 3 နဲ့ Black Shark 3 Pro ဟာ မျက်နှာပြင်အရွယ်အစားအားဖြင့်လည်း ကွာခြားမှု ရှိပါတယ်။ Pro မော်ဒယ်က ပိုမိုကြီးမားးတဲ့ ၇ ဒဿမ ၁ လက်မအရွယ် 90Hz QHD+ OLED မျက်နှာပြင်နဲ့ ဖြစ်ကာ၊ ရိုးရိုးမော်ဒယ်က ၆ ဒဿမ ၆၇ လက်မအရွယ် FHD+ OLED မျက်နှာပြင်နဲ့ပါ။ Pro မော်ဒယ်မှာ နောက်ထပ် အားသာချက်တခု အနေနဲ့ လက်ခလုတ် အသစ်တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
ယခင် Black Shark ဖုန်းတွေလို Touch ခလုတ်တွေ မဟုတ်ဘဲ တကယ့် လက်နှိပ် ခလုတ်တွေကို အသုံးပြုထားပါတယ်။ အကြိမ်ပေါင်း ၃ သိန်းအထိ ချို့ယွင်းချက်မရှိ နှိပ်နိုင်တယ်လို့ Xiaomi က ပြောကြားထားပါတယ်။
အရင်မော်ဒယ်တွေမှာ မပါတဲ့ 3.5mm နားကြပ်ပေါက်လည်း ယခုစီးရီးမှာ ပြန်လည် ပါဝင်လာတာ တွေ့ရပါတယ်။ ကင်မရာပိုင်းအနေနဲ့ မော်ဒယ်နှစ်ခုစလုံးမှာ 64MP+13MP+5MP ကျောကင်မရာ ၃ လုံး၊ 20MP ရှေ့ကင်မရာတို့ ကိုယ်စီ ပါဝင်မှာ ဖြစ်ပါတယ်။
Xiaomi ရဲ့ Black Shark 3 ဂိမ်းမင်းဖုန်းအသစ်တွေကို လောလောဆယ် တရုတ်နိုင်ငံမှာပဲ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Pro မော်ဒယ်ကို အနက်နဲ့ မီးခိုးရောင် ၂ မျိုး၊ ရိုးရိုးမော်ဒယ်ကို အနက်၊ မီးခိုး၊ ငွေရောင် ၃ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
ဈေးနှုန်းအနေနဲ့ Black Shark 3 ရိုးရိုးမော်ဒယ်ကို အနိမ့်ဆုံး ၃,၄၉၉ ယွမ် (ဒေါ်လာ ၅၀၀ ခန့်) သတ်မှတ်ထားပြီး၊ Pro မော်ဒယ်ကို အနိမ့်ဆုံး တရုတ်ယွမ်ငွေ ၄,၆၉၉ (ဒေါ်လာ ၆၇၀ ခန့်) သတ်မှတ်ထားပါတယ်။ ရိုးရိုးမော်ဒယ်ကို မတ်လ ၆ ရက်နေ့ နဲ့ Pro မော်ဒယ်ကို မတ်လ ၁၇ ရက်နေ့တို့မှာ စတင် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
Ref: GSM Arena, XDA Developers
You may also like these stories:
“Shazam! 2” ရုပ်ရှင်မှာ Superman ကို ဧည့်သည်သရုပ်ဆောင် အဖြစ် တွေ့မြင်ရဖို့ရှိနေ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျမှာ အိမ်သာသုံး စက္ကူများ မတန်တဆ ဈေးတင်ရောင်း