ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုကြောင့် တရုတ်နိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတွေကို ပိတ်ထားလိုက်ရချိန်မှာ ဂျိမ်းစ်ဘွန်းရုပ်ရှင်သစ် ‘No Time To Die’ ဖြန့်ချိပြသမယ့်ရက်ကို ၇ လလောက် နောက်ဆုတ် ရွှေ့ဆိုင်း ထားလိုက်ပြီး တခြားဟောလိဝုဒ် ထုတ်လုပ်ရေးကုမ္ပဏီတွေအတွက် ခေါင်းခဲစရာ ဖြစ်လာခဲ့ပါတယ်။
မင်းသား Daniel Craig က အေးဂျင့် 007 အဖြစ် နောက်ဆုံး သရုပ်ဆောင်ထားတဲ့ အဲ့ဒီရုပ်ရှင်ကို Universal Pictures က တကမ္ဘာလုံးသို့ ဖြန့်ချိပေးထားတာဖြစ်ပြီး အခုလာမယ့် ဧပြီလအစောပိုင်းကနေ နိုဝင်ဘာလမတိုင်ခင်အထိ ရွှေ့ဆိုင်းထား လိုက်ပြီ ဖြစ်တယ်လို့ ထုတ်လုပ်သူတွေက ဆိုပါတယ်။
တရားဝင် ဂျိမ်းစ်ဘွန်း Twitter အကောင့်မှာ “သေသေချာချာ စဉ်းစားသုံးသပ်ပြီး ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် အနေအထား ကို တွက်ချက်ပြီးတဲ့နောက် No Time To Die ဖြန့်ချိမယ့်ရက်ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ မတိုင်မီအထိ ရွှေ့ဆိုင်း ထားလိုက်ပါပြီ” လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီလိုမျိုး ဖော်ပြချက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်သောကြောင့် ဆိုပြီး သီးခြားဖော်ပြထားတာမျိုး မရှိခဲ့ပေမယ့် ဟောလိဝုဒ်ရဲ့ အကြီးမားဆုံး ပြင်ပဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် ရုပ်ရှင်ရဲ့ အထူးပွဲအစီအစဉ်ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖျက်သိမ်းခဲ့တာမျိုးလည်းရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ တရုတ်နိုင်ငံမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေကို ပိတ်ထားလိုက်ပြီး ဂျပန်၊ တောင်ကိုရီးယား နဲ့ အီတလီမှာ ရှိတဲ့ တချို့ဒေသတွေအပါအဝင် တခြားနိုင်ငံတွေမှာလည်း ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်ဖို့ ရုပ်ရှင်ရုံတွေကို ပိတ်ထားလိုက်ပါတယ်။
ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေဟာ ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်အစုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘Spectre’ ရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ သန်း ၈၈၀ ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ‘Skyfall’ ရုပ်ရှင်ကတော့ ဒေါ်လာ ၁ ဘီလီယံ ကျော် ရရှိခဲ့ပါတယ်။
No Time To Die’ ရုပ်ရှင်ကုန်ကျစရိတ်ဟာ ခန့်မှန်းချေ ဒေါ်လာ သန်း ၂၀၀ ရှိ ပါတယ်။ လာမယ့်မတ်လ ၃၁ ရက်နေ့ လန်ဒန်မြို့မှာ အထူးပွဲ ပြုလုပ်မှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်း ဧပြီလ ၂ ရက်နေ့ကစလို့ ကမ္ဘာတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ပြသဖို့ စီစဉ်ထား တာလည်း ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ ဖြစ်ပွားနေမှုကြောင့် ရုပ်ရှင်အသစ်နဲ့ ရုပ်သံအစီအစဉ် ရိုက်ကူးရေး လုပ်ငန်းတွေမှာလည်း အနှောင့်အယှက်တွေ ဖြစ်ပေါ်ခဲ့ရတဲ့အပြင် တရုတ်နိုင်ငံမှာ ပြသမယ့် အမေရိကန်ရုပ်ရှင်တွေ ရက်ရွှေ့ဆိုင်းခဲ့ရတဲ့အထိ ဖြစ်စေခဲ့ပါတယ်။
မင်းသား Tom Cruise ပါဝင်မယ့် ရုပ်ရှင်အသစ် Mission: Impossible ရဲ့ အီတလီနိုင်ငံ၊ ဗင်းနစ်မြို့မှာ ပြုလုပ်မယ့် သီတင်းသုံးပတ်ကြာ ရိုက်ကူးရေး လုပ်ငန်းတွေကိုလည်း ဗိုင်းရပ်စ်ကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ ရွှေ့ဆိုင်းခဲ့ပါတယ်။ ဂျိမ်းစ်ဘွန်း fansite တွေကလည်း ရုပ်ရှင်အသစ်ကို ရွှေ့ဆိုင်းပေးဖို့ အခုသီတင်းပတ် အတွင်းမှာ စတူဒီယိုထံ စာရေးသား တောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့မှာ တင်ခဲ့တဲ့ ပို့စ်မှာတော့ ရုပ်ရှင်ကို ယူကေနိုင်ငံမှာ လာမယ့်နိုဝင်ဘာလ ၁၂ ရက်နေ့နဲ့ အမေရိကန်နိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့တို့မှာ ဖြန့်ချိမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Ref:Reuters
You may also like these stories:
ကိုရိုနာဗိုင်းရပ်ကြောင့် “No Time To Die” ပြသရက်ကို ရွှေ့ဆိုင်းပေးဖို့ ပရိသတ်များ တောင်းဆို
“Captain Marvel 2” ရုပ်ရှင်မှာ Wolverine အဖြစ် Henry Cavill ပါဝင်လာမယ်လို့ သတင်းထွက်နေ
“Shazam! 2” ရုပ်ရှင်မှာ Superman ကို ဧည့်သည်သရုပ်ဆောင် အဖြစ် တွေ့မြင်ရဖို့ရှိနေ