အဆိုတော်ပန်းရောင်ခြယ်က Canal+ ရုပ်သံလိုင်းမှာ ပြသခဲ့တဲ့ “လိပ်ပြာ” ဇာတ်လမ်းတွဲရဲ့ အဆက် Season 2 ကို မတ်လထဲ ရိုက်ကူးသွား ဖို့ရှိတယ်လို့ဆိုပြီး ဒီဇာတ်ကားရိုက်ကူးရတာ ပျော်တယ်လို့လည်း ဆိုပါတယ်။
“ အခုကဇာတ်ကားရိုက်ဖို့ Training စဝင်ပြီပေါ့နော်။ ဒီလထဲမှာ ပန်းရောင်တို့ လိပ်ပြာ Season- 2 စရိုက်ပြီပေါ့နော်။ စိတ်လည်းဝင်စားတယ်။ ပျော်လည်း ပျော်တယ်။ အသစ်တခုကို လေ့လာရတဲ့အတွက် အရမ်းပျော်တယ်။ လိပ်ပြာဇာတ်လမ်းတွဲမှာ ပန်းရောင်ကို ချစ်ပေးကြတယ်။ အားပေးကြတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ နောက်ထပ် လိပ်ပြာ – ၂ကိုလည်း အားပေးဖို့ပြောချင်ပါတယ် ”လို့ ပန်းရောင်ခြယ်ကပြောပါတယ်။
သီချင်းအသစ်တွေ ထွက်ဖို့ မရှိသေးဘဲ ကြော်ငြာတွေတော့ ရိုက်ကူးဖြစ်နေတယ်လို့လည်း ပန်းရောင်ခြယ်က ပြောပါတယ်။
“လောလောဆယ်တော့ ၂၀၂၀ထဲမှာ လတ်တလောထွက်ထားတဲ့ “Solo” ဆိုတဲ့အခွေမှာပါတဲ့ သီချင်းသစ်တွေကို ပွဲမှာ ပန်းရောင် ကြုံရင်ကြုံသလိုဆိုဖြစ်တယ်။ အဓိကကတော့ ပန်းရောင် ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ်။ နောက်ပြီးတော့ ပွဲလေးတွေတက်ဖြစ်တယ်၊ ဆိုဖြစ်တယ်ပေါ့နော်။ သီချင်းအသစ်က လတ်တလော အခုဇန်နဝါရီလမှ ထွက်ထားတာ ဆိုတော့ သီချင်းအသစ်ထွက်ဖို့တော့ မရှိသေးပါဘူးရှင့်”လို့ ဆိုပါတယ်။
ပန်းရောင်ခြယ်က အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေရသူဖြစ်တာကြောင့် ပညာရေးကို ခဏ နားထားတာ ဖြစ်ပြီး ညီမဖြစ်သူ ပန်းသွန်းခြယ်နဲ့ အတူ သြစတြေးလျမှာ ကျောင်းပြန်တက်မှာဖြစ်တယ်လို့ ဆိုပါတယ်။
“ပန်းရောင်က သြစတြေးလျမှာ တက်နေတဲ့ တက္ကသိုလ်မှာ ခွင့်ယူထားတာ ၃ နှစ်လောက်ရှိပြီ။ လောလောဆယ်မှာတော့ Architecture မေဂျာတက်နေတာဆိုတော့ ဘွဲ့ရဖို့က လိုသေးတယ်။ Bachelor ဘွဲ့က ၃ နှစ်တက်ရမယ်။ Master ဘွဲ့က ၂ နှစ်ဆိုတော့ နောက်ထပ် ၅ နှစ်လောက် အပြီးတက်ရမယ်။ ပန်းရောင်ကလည်း အခု First Year မှာ ထွက်လာတာဆိုတော့ ကျောင်းကလည်း အဆင်ပြေတဲ့အချိန်ပြန်လာ ထားခဲ့တဲ့နေရာကနေ ဆက်တက်လို့ရတယ်လို့လည်း ပြောတယ်”
“ အဓိက ကတော့ ညီမလေးကို တက္ကသိုလ်ကို တယောက်တည်း ပေးမသွားသေးတာပါ။ အမှန်တကယ်တော့ ပန်းရောင်နဲ့ အတူတူသွားဖို့ စီစဉ်ထားတာ။ ပန်းရောင်လည်း တက္ကသိုလ်ဆက်တက်ရင်းနဲ့ ညီမလေးလည်း တက္ကသိုလ်တက်ရမှာ။ ဒါပေမယ့် ပန်းရောင်က မသွားသေးတော့ ညီမလေးကလည်း ဒီမှာပဲဖြစ်နေတာပါ” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။
ပန်းရောင်ခြယ်ကိုတော့ ဖခင်ဖြစ်သူ ဂရေဟမ်နဲ့ တွဲပြီး “Wake Up Daddy” ဆိုတဲ့ အခွေကတည်းကနေ ပရိသတ်တွေ အားပေး ခဲ့ကြတာ ဖြစ်ပါတယ်။ ပန်းရောင်ခြယ်က “Solo” လို့ နာမည်ပေးထားတဲ့ ပထမဆုံး တကိုယ်တော်အခွေ ထွက်ရှိထားပြီး တခြားသော ကြေငြာရိုက်ကူးမှုများလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ မတ်လ ၅ ရက်နေ့မှာတော့ သူမ ပါဝင်သရုပ်ဆောင်သွားမယ့် “လိပ်ပြာ” ဇာတ်လမ်းတွဲ အပိုင်း ၂ ကို စတင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။
You may also like these stories:
Donnie Yen ရဲ့ ကိုယ်ခံပညာကျွမ်းကျင်မှုကြောင့် အံ့သြခဲ့ရတဲ့ Mulan ဒါရိုက်တာ
အကယ်ဒမီပေးပွဲ ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ပြောပြတဲ့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ
“Shazam! 2” ရုပ်ရှင်မှာ Superman ကို ဧည့်သည်သရုပ်ဆောင် အဖြစ် တွေ့မြင်ရဖို့ရှိနေ