The Batman ရုပ်ရှင်ကို တာဝန်ယူရိုက်ကူးနေတဲ့ ဒါရိုက်တာ Matt Reeves ဟာ Batman ဇာတ်ကောင်အတွက် အရေးကြီးတဲ့ Batmobile ကို လူမှုကွန်ရက်စာမျက်နှာတွေပေါ် ပထမဆုံးအနေနဲ့ မျှဝေပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး မျှဝေပေးပြီး သိပ်မကြာခင်မှာပဲ DCEU ရဲ့ အမာခံပရိသတ်တွေရော ရုပ်ရှင်ချစ်ပရိသတ်တွေကြားမှာပါ တုန့်ပြန်မှုတွေ ချက်ခြင်းမြင့်တက်လာခဲ့တာ ဖြစ်ပြီး အချင်းချင်းဆွေးနွေးမှုတွေကလည်း ဆူညံနေတာ ဖြစ်ပါတယ်။
The Batman ရုပ်ရှင်ရဲ့ ဆက်စပ်သတင်းတွေဟာ အမြဲလိုလို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပြီး ရုပ်ရှင်မပြသခင်တည်းက ပရိသတ်ကို ဖမ်းစားနိုင်တာကလည်း တမျိုးကျေနပ်စရာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Matt Reeves ဟာ သူ့ရဲ့တွစ်တာအကောင့်မှာ မျှဝေခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ခန့်ကမှ Robert Pattison ဝတ်ဆင်မယ့် Batman ဝတ်စုံကို ဗီဒီယိုကလစ်အသေးစားတခုနဲ့ မိတ်ဆက်ပြသခဲ့ဖူးတာပါ။
၁၉၈၉ ခုနှစ်တုန်းက ထွက်ရှိခဲ့ဖူးတဲ့ ဒါရိုက်တာ Tim Burton ရဲ့ Batman ရုပ်ရှင်ကနေစလ့ို Batman နဲ့ Batmobile ဟာ ဘယ်လိုမှ ခွဲခြားမရတဲ့ အမှတ်သင်္ကေတတခုအဖြစ် ဖန်တီးခဲ့ဖူးတာဟာဆိုရင်လည်း ပရိသတ်တွေအတွက် အမှတ်ရစရာတမျိုးလို့ ပြောလို့ရပါတယ်။
အခု Batmobile ကိုမျှဝေရာမှာ ဒါရိုက်တာ Matt Reeves ဟာ အသေးစိတ်အချက်အလက်တွေကို ချန်လှပ်ထားခဲ့ တာဖြစ်ပြီး emoji ကိုသာ အသုံးပြုမျှဝေခဲ့တာလည်း ဖြစ်ပါတယ်။ Matt Reeves ဟာ သူ့ရဲ့ ရုပ်ရှင်အစိတ်အပိုင်းကို မျှဝေရာမှာ စကားလုံးတလုံး ဒါမှမဟုတ် emoji သာ အသုံးပြုပုံဟာ သူ့ရဲ့ကိုယ်ပိုင်ဟန်တခုလို့တောင် ပရိသတ်တွေဘက်က မှတ်ထင်နေကြပြီလည်း ဖြစ်ပါတယ်။
အရင့်အရင်က အသုံးပြုခဲ့တဲ့ Batmobile တွေလို အထူးတလည်ပြုလုပ်ဖန်တီးထားတာမျိုးမဟုတ်ဘဲ လက်ရှိဘဝမှာ အသုံးပြုနေကျ ကားပုံစံမျိုးသာ တည်ဆောက်ထားတာကလည်း တမျိုးစိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ Batman ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်နေရမှာ သရုပ်ဆောင်ဖို့ Robert Pattison အနေနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ရတာဖြစ်ပြီး သူနဲ့အတူ Zoe Kravitz, John Turturro, Peter Saragaard ,Andy Serkis နဲ့ တခြားသော သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ကြမှာ ဖြစ်ပါတယ်။
Ref. comicbook.com
You may also like these stories:
အရက်နဲ့ အိမ်ထောင်ရေး ပြဿနာတွေကြောင့် Batman အဖြစ်ကနေ နုတ်ထွက်ခဲ့တဲ့ Ben Affleck
Robert Pattinson ကို Batman ဝတ်စုံနဲ့ ပထမဆုံး မြင်လိုက်ရလို့ ပရိသတ်များ အံ့အားသင့်ကြရ