ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရရှိမယ့်သူစာရင်းအတိအကျအား လက်ရေးနဲ့ ရေးသားထား တဲ့စာရွက်တရွက်ဖြင့် ပေါက်ကြားခဲ့တာကြောင့် ယခုနှစ်မှာ မပေါက်ကြားဖို့အတွက် အရေးကြီးတယ်လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်ကပြောပါတယ်။
“အကယ်ဒမီစာရင်းကို ဖွင့်ဖောက်ရမှာ ၃ဦးလေ။ ဥက္ကဋ္ဌရယ်၊ နာယကကြီးရယ်၊ ၈လွှာခေါင်းဆောင် ၈ယောက်ထဲက အဖွဲ့ခေါင်းဆောင် သူတို့ ၃ဦးက ထိန်းသိမ်းသွားရမှာ။ ပြီးခဲ့တဲ့နှစ်ကလို လက်ရေးနဲ့ရေးထားတာ မပေါက်ကြားဖို့ကလည်း တော်တော်တော့အရေးကြီးတယ်။ အဲဒါကြောင့် စာရွက် ၁ရွက်ထဲမှာ ရမယ့်ဆုတွေ ပေါင်းရေးတာတွေ မလုပ်ဖို့လည်း သတိထားရမယ်။ တတ်နိုင်ရင်တော့ စာအိတ်လေးတွေခွဲထားရင်တော့ ဘယ်လိုမှမပေါက်နိုင်ဘူးပေါ့” လို့ ဦးညီညီထွန်းလွင် ကပြောပါတယ်။
အခုလက်ရှိအချိန်ထိ အကယ်ဒမီစာရင်းဝင် ဇာတ်ကားများကို အကဲဖြတ်အဖွဲ့မှ ရွေးချယ်နေဆဲဖြစ်ပြီး စုစုပေါင်း ၂၉ ကား ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
“အခုမှ ဒိုင် ၂၄ ယောက်က အကြိတ်အနယ်ရွေးတုန်း စဉ်းစားတုန်း မတ်လလယ်လောက်မှ စာအိတ်တွေရမယ်။ အဲ့တော့မှ ရွေးချယ်ရမှာ။ အဲဒါတောင် ၃ယောက်ပဲသိမှာ အစည်းအရုံးလူတွေလည်းမသိဘူး အကဲဖြတ်ကလူတွေလည်း မသိနိုင်ဘူး” လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
နောက်ဆုံးဆုပေးမယ့် စာရင်းကိုတော့ ဥက္ကဋ္ဌအပါအဝင် ၃ဦးသာ သိရှိခွင့်ရမှာဖြစ်ပြီး ဒီ ၃ယောက်က ထိန်းသိမ်းသွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကယ်ဒမီပွဲတက်ရောက်တဲ့အခါနဲ့ ဖိတ်ကြားတဲ့အခါမှာလည်း ပြဿနာများကြုံတွေ့ရတာတွေရှိနေပြီး အဓိကကတော့ လက်မှတ်မရတဲ့ပြဿဖြစ်တယ်လို့ ဆိုပါတယ်။
“နှစ်စဉ်ဖြစ်နေတဲ့ပြဿနာကတော့ ပွဲမတင်ရလို့ဖြစ်နေတဲ့ပြဿနာပဲ ရှိပါတယ်။ မတက်ချင်လို့ ဘာလို့ဆိုတဲ့ ပြဿနာ တော့မရှိပါဘူး။ လက်မှတ်မရတဲ့ ပြဿနာလောက်ပဲရှိပါတယ်။ ခါတိုင်း စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ ၉၇ကားထဲ ပါတဲ့သူကို ဦးစားပေးတယ်။ ပြီးရင် အကယ်ဒမီရပြီးသားလးတွေ ၊ နာယကအမှုဆောင် ၊ နောက်တော့ အလွှာ ၈လွှာပေါ့။ ခုံ ၈ရာပိုရင်တော့ ၁လွှာကို ၁၀၀ တော့ရမှာပေါ့” လို့ ပြောပါတယ်။
အကယ်ဒမီစာရင်းဝင်မဟုတ်ဘဲ အစည်းအရုံးအဖွဲ့ဝင်မဟုတ်တဲ့ မင်းသားကြီး ၊ မင်းသမီးကြီးများကိုလည်း အကယ်ဒမီပွဲ ပေးတက်သင့်တယ်ထင်တယ်လို့လည်း ဥက္ကဋ္ဌကပြောပါတယ်။
“မင်းသားမင်းသမီးအဟောင်းကြီးတွေ ၉၇ကားထဲလည်း မပါဘူး။ အစည်းအရုံးအမှုဆောင်လည်း မဟုတ်ဘူး။ ဒါပေမယ့်သူတို့ကိုလည်း ပွဲကိုပေးတက်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့လည်းရုပ်ရှင်သမားတွေပဲလေ။ အငယ်တန်းလေးတွေလည်း ဇာတ်ပို့အလွှာအတွက် ခုံပိုရင်တော့ ပေးတက်မှာပါ” လို့ ပြောပါတယ်။
၂၀၁၉ခုနှစ်အတွက် အကယ်ဒမီပေးပွဲကိုတော့ မူလစီစဉ်ထားတဲ့ မတ်လ ၂၉ ရက်နေ့ကို ရွေ့ဆိုင်းခဲ့ပြီး ဧပြီလအတွင်း ပြုလုပ်သွားမှာဖြစ်ပါတယ်။
You may also like these stories:
“ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကို စရိုက်ကတည်းက စိတ်လှုပ်ရှားခဲ့တဲ့ ပိုးမမှီသာ
“ဆုံးရှုံးသွားတာထက် ပေးနိုင်သလောက်ပေးရင် ဘာမှ မဖြစ်ပါဘူး”လို့ ဒေါ်စန်းစန်းမြင့် ပြော