တောင်ကိုရီးယားရုပ်ရှင်နဲ့ ရုပ်သံဒရာမာတွေထဲမှာ မြောက်ကိုရီးယားနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို ဖော်ပြမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံပိုင်မီဒီယာ Uriminzokkiri ရဲ့ ဝက်ဘ်ဆိုက်ကနေ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်ထဲမှာ တောင်ကိုရီးယားမီဒီယာတွေဟာ စစ်ဖြစ်စေဖို့ ဝါဒဖြန့်လှုံ့ဆော်မှုတွေ လုပ်ဆောင်နေကြောင်း စွပ်စွဲထားပြီး သူတို့နိုင်ငံကို ဆန့်ကျင်တဲ့ ရုပ်ရှင်တွေနဲ့ ရုပ်သံ ဒရာမာတွေဟာ အလိမ်အညာတွေနဲ့ လုပ်ကြံ ဖန်တီးထားတာတွေသာ ဖြစ်တဲ့အကြောင်း ဖြည့်စွက် ပြောကြားထားပါတယ်။
အခုလိုမျိုး မြောက်ကိုရီးယားဘက်ကနေ တုံ့ပြန်ပြောဆိုလာတဲ့အကြောင်းအရင်းက နှစ်ခုရှိပါတယ်။ ပထမတခုကတော့ မင်းသား လီဗြောင်ဟွန်း၊ မင်းသား ဟာဂျောင်ဝူးနဲ့ မင်းသမီး ဘေဆူဇီတို့ ပါဝင်ထားကြတဲ့ တောင်ကိုရီးယား အက်ရှင်ရုပ်ရှင် “Ashfall” ပြသမှုကြောင့် ဖြစ်ပါတယ်။
အဲ့ဒီရုပ်ရှင်မှာ မြောက်ကိုရီးယား ပိုင်နက်အတွင်းမှာရှိတဲ့ ဘဲ့ဒူတောင် ပေါက်ကွဲမှု အကြောင်း အခြေခံထားပြီး အဲ့ဒီတောင်ကို ဖောက်ခွဲဖို့အတွက် မြောက်ကိုရီးယား နျူကလီးယား လက်နက်တွေကို အသုံးပြုတဲ့ ဇာတ်ကောင်တွေလည်း ပါဝင်ခဲ့ပါတယ်။
ဘဲ့ဒူတောင်ဟာ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံကြားမှာရှိတဲ့ မီးတောင်တခုလည်း ဖြစ်ပါတယ်။ အဲ့ဒီတောင်ဟာ မြောက်ကိုရီးယား ဝါဒဖြန့်ချိရေးအစီအစဉ်ထဲမှာ မြင့်မြတ်တဲ့နေရာတခုအဖြစ် ပါဝင်နေပါတယ်။ အဲ့ဒီနေရာဟာ သူတို့ရဲ့ ပထမဆုံးခေါင်းဆောင်ကြီး ကင်အီဆွန်း မွေးဖွားခဲ့တဲ့နေရာ ဖြစ်တယ်လို့ မြောက်ကိုရီးယားတွေက ယုံကြည်ကြပါတယ်။
ဒုတိယ အကြောင်းအရင်းတခုကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာပဲ ပြသပြီးစီးသွားခဲ့တဲ့ “Crash Landing on You” ဇာတ်လမ်းတွဲကြောင့်ဖြစ်ပါတယ်။ tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ အဲ့ဒီဒရာမာမှာတော့ မင်းသား ဟွန်ဘင်းနဲ့ မင်းသမီး ဆွန်းယယ်ဂျင်းတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။
လေဟုန်စီးနေရင်း မတော်တဆမှုတခုကြောင့် မြောက်ကိုရီးယားနိုင်ငံထဲ ကျရောက်သွားခဲ့တဲ့ တောင်ကိုရီးယား လုပ်ငန်းရှင် သူဌေးမလေးနဲ့ မြောက်ကိုရီးယား အရာရှိတဦးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတာဖြစ်ပါတယ်။
အဲ့ဒီ စီးရီးအတွင်းမှာ မြောက်ကိုရီးယားနိုင်ငံအကြောင်း ပုံဖော်ပြသမှုတွေဟာ တိကျမှုရှိတယ်ဆိုပြီး ဝေဖန်သူ တော်တော်များများရဲ့ ချီးကျူးမှုကို ခံထားရပါတယ်။ အဲ့ဒီဒရာမာကို ရေးသားတဲ့အဖွဲ့ထဲက မြောက်ကိုရီးယားနိုင်ငံထဲမှာ အရာရှိအရာခံရာထူးကနေ တောင်ကိုရီးယားဘက်ကို ၂၀၀၄ ခုနှစ်မှာ ဘက်ပြောင်းခိုလှုံလာခဲ့သူ Kwak Moon-wan ဆိုသူလည်း ပါဝင်နေခဲ့ပါတယ်။
“Crash Landing on You” ဒရာမာကို Netflix ကနေတဆင့် ကမ္ဘာတဝန်းကိုလည်း ပြသခဲ့ပြီး တောင်ကိုရီးယား ကေဘယ်လ်ရုပ်သံလိုင်း သမိုင်းမှာ ဒုတိယမြောက် လူကြည့်နှုန်းအများဆုံး ဒရာမာ ဖြစ်လာခဲ့ပါတယ်။
Uriminzokkiri ရဲ့ ထုတ်ပြန်ချက်ထဲမှာ စိတ်ညစ်ညူးဖွယ်ကောင်းပြီး မြောက်ကိုရီးယားကို ဆန့်ကျင်တဲ့ စာသားတွေကို ဖြန့်ချိဖို့အတွက် ချီးမြှောက်ပြီး အားပေးခဲ့တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေကို စွပ်စွဲထားတဲ့အပြင် တောင်-မြောက် ကိုရီးယား ဆက်ဆံရေးကိုလည်း ထိခိုက်စေတယ်လို့ ဆိုထားပါတယ်။
အခုလိုမျိုး ဆိုးသွမ်းကြမ်းကြုတ်တဲ့ အပြုအမူအတွက် တောင်ကိုရီးယား အာဏာပိုင်တွေနဲ့ ထုတ်လုပ်သူတွေက တန်ရာတန်ကြေး ပြန်ပေးဆပ်ရမယ်လို့ ခြိမ်းခြောက်ထားပြီး အဲ့ဒီထုတ်ပြန်ချက်ကို အဆုံးသတ်ထားပါတယ်။
Ref:allkpop
You may also like these stories:
တောင်ကိုရီးယား ရုပ်ရှင်နဲ့ စီးရီးတွေထဲမှာ အသုံးချခံဖြစ်လာတဲ့ မြောက်ကိုရီးယား
နာမည်ကျော် သရုပ်ဆောင်များပါဝင်မယ့် အချစ်ဇာတ်လမ်း “Crash Landing of Love”