အဆိုတော် Katy Perry ဟာ ခင်ပွန်းလောင်း မင်းသား Orlando Bloom နဲ့ ရရှိထားတဲ့ ပထမဆုံး ရင်သွေးလေးကို လွယ်ထားရပြီဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ ‘Never Worn White’ ဆိုတဲ့ သီချင်းသစ်အတွက် ဂီတဗီဒီယိုထဲမှာ ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ သီချင်းဂီတဗီဒီယို ရိုက်ကွင်းပေါ်က ကိုယ်ဝန်လွယ်ထားရတဲ့ ပုံကို ဖော်ပြနေတဲ့ သူ့ရဲ့ ဓာတ်ပုံတွေကနေ တဆင့် အဲ့ဒီလိုသတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
အသက် ၃၅ နှစ်အရွယ် Katy ဟာ အဲ့ဒီဂီတဗီဒီယိုကို YouTube မှာ ပြသခဲ့ပြီးတဲ့နောက် Instagram Live တခုအတွင်းမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ သူက ဘဝမှာအကြာဆုံး ထိန်းသိမ်းထားရတဲ့ လျှို့ဝှက်ချက်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
သူက “ကျမ နောက်ကျသွားပါတယ်။ ဒါပေမဲ့ ရှင်တို့တွေ အဲ့ဒါကို သိပြီးလောက်ပါပြီ”လို့ ဆိုပါတယ်။ အခုလိုမျိုး ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်တဲ့အကြောင်း အတည်ပြုခဲ့ပေမယ့် ရင်သွေးက ယောကျာ်းလေးလား၊ မိန်းကလေးလား ဆိုတာကိုတော့ ပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။ မွေးဖွားမယ့် အချိန်ကတော့ လာမယ့် နွေရာသီကာလမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မကြာခင်ထွက်လာမယ့် အယ်လ်ဘမ်နဲ့ ပတ်သက်လို့တော့ သူက “ဒီနှစ်နွေရာသီမှာ ဖြစ်လာမယ့်ကိစ္စတွေ အများကြီး ရှိပါတယ်။ ကျမ ကလေး မီးဖွားတာသာမက ရှင်တို့တွေ စောင့်နေတဲ့ အရာတခုလည်း ထွက်ရှိလာမှာပါ” လု့ိ ဆိုပါတယ်။ အဆိုတော် Katy နဲ့ “Lord of the Rings” မင်းသား Bloom တို့ဟာ သူတို့နှစ်ဦးရဲ့ ပထမဆုံး ရင်သွေးလေးကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေပြီလို့ ဆိုပါတယ်။
အဆိုတော် Katy က “ငါတို့စိတ်လှုပ်ရှားနေပြီး ပျော်ရွှင်နေတယ်။ မျက်လုံးလေး ကလယ်ကလယ်ဖြစ်နေတဲ့ မျက်နှာလေးကို မမြင်ရဘဲ မနေနိုင်တော့ဘူး” လို့ Twitter မှာ တင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ အစောပိုင်းတုန်းကလည်း ဆိုရှယ်မီဒီယာပေါ်မှာ သီချင်းအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။
အသက် ၄၃ နှစ်အရွယ် မင်းသား Bloom ဟာ စူပါမော်ဒယ် Miranda Kerr နဲ့လက်ထပ်ခဲ့ဖူးပြီး အသက် ၉ နှစ်အရွယ် Flynn ဆိုတဲ့ သားတဦးကိုလည်း ရရှိထားပါတယ်။ အဆိုတော် Katy ကတော့ ဗြိတိသျှဟာသပညာရှင် Russell Brand နဲ့ ၂ နှစ်ကြာ လက်ထပ်ခဲ့ဖူးပါတယ်။ Bloom နဲ့ Katy တို့ဟာ အသေးစား လက်ထပ်ပွဲတခုကို ပြုလုပ်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။
Ref: hindustantimes
You may also like these stories:
နိုင်ငံ့အကြောင်း ပုံဖော်ပြသမှုကြောင့် မြောက်ကိုရီးယားအစိုးရ တောင်ကိုရီးယားကို အပြစ်တင်
ဂျိမ်းစ်ဘွန်းရုပ်ရှင်သစ် ‘No Time To Die’ ပြသမယ့်ရက် နိုဝင်ဘာအထိ ရွှေ့ဆိုင်း
စူပါဟီးရိုး ရုပ်ရှင်တကားမှာ သရုပ်ဆောင်ချင်နေတဲ့ မီဂန်မာကယ်