အင်တာနက် အသုံးပြုသူတွေဟာ ရှင်ချွန်းဂျီဘာသာရေး ဂိုဏ်း ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ဖွယ်ရှိတဲ့ ကိုရီးယား အနုပညာရှင် အယောက် ၅၀ စာရင်းကို ရှာဖွေစုဆောင်း ဖော်ထုတ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူမြို့မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ အဲ့ဒီခရစ်ယာန်ဘာသာရေးဂိုဏ်းအပေါ် အားလုံးက အာရုံစိုက် စောင့်ကြည့်နေကြတာပဲဖြစ်ပါတယ်။
သတင်းတွေရဲ့အဆိုအရ အသက် ၆၁ နှစ်အရွယ် အဖွဲ့ဝင်တဦးဟာ ရောဂါလက္ခဏာတွေ စတင်ပြသလာခဲ့ပြီးတဲ့နောက် အဲ့ဒီမြို့မှာ လုပ်တဲ့ ဘာသာရေး အခမ်းအနားတွေကို အနည်းဆုံး ၄ ကြိမ်လောက်အထိ တက်ရောက်ခဲ့ရာက ကူးစက်ခံရသူအရေအတွက် တရှိန်ထိုး မြင့်တက်ခဲ့ရတာလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားဟာ လက်ရှိအထိတော့ တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံးရှိတဲ့ စံချိန်အဖြစ် မှတ်တမ်းဝင်နေပါတယ်။ ဒယ်ဂူမြို့ကနေလာတဲ့ ကူးစက်ခံရသူ အရေအတွက် ၄,၃၀၀ ကျော်ရှိပြီး သေဆုံးသူ ၃၅ ဦးအထိ ရှိနေပြီလည်း ဖြစ်ပါတယ်။
အဲ့ဒီအသင်းတော်ကို တည်ထောင်သူ လီမန်ဟီးကလည်း အများပြည်သူရှေ့မှောက်မှာ ဝန်ချတောင်းပန်ခဲ့ပြီး ဖြစ်ပေမယ့် ပြည်သူတွေရဲ့ ဘာသာရေးဂိုဏ်းအပေါ် ထားရှိတဲ့ သံသယက တစတစ ကြီးထွားလာခဲ့ပါတယ်။
အင်တာနက် အသုံးပြုသူတွေကနေ ထုတ်ပြန်လိုက်တဲ့ အဲ့ဒီစာရင်းမှာဆိုရင် နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ လီဗြောင်ဟွန်း၊ ဝန်ဘင်း၊ လီမင်ဂျောင်း၊ လီနာယောင်း၊ အဆိုတော် Gummy နဲ့ Ivy တို့ အထိ ပါဝင်တာကို တွေ့ရပါတယ်။
အဲ့ဒါကို တုံ့ပြန်တဲ့အနေနဲ့ စာရင်းမှာပါဝင်တယ်လို့ဆိုတဲ့ အနုပညာရှင်တွေက အဲ့ဒီခရစ်ယာန်ဂိုဏ်းနဲ့ ဆက်စပ်မှုမရှိကြောင်း သူတို့ရဲ့ အေဂျင်စီတွေကနေတဆင့် ငြင်းဆိုခဲ့ပါတယ်။ ဒ့ါအပြင် အဲ့ဒီစွပ်စွဲချက်တွေဟာ မမှန်ကန်တဲ့ ကောလာဟလတွေသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
နာမည်ကျော် ရုပ်သံအစီအစဉ် Running Man ထဲမှ တင်ဆက်သူ Yoo Jae-suk ဟာလည်း အွန်လိုင်းပေါ်မှာ ရှာဖွေခံရဆုံး လူတယောက်ဖြစ်လာခဲ့ပြီး သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ FNC အင်တာတိန်းမန့်ကတောင် သူဟာ ရှင်ချွန်းဂျီဂိုဏ်းနဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့ ပြောဆိုချက်ကို ငြင်းဆိုတဲ့ ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ရပါတယ်။
အနုပညာရှင်တွေကို ကာကွယ်ဖို့အတွက် သူတို့ရဲ့အေဂျင်စီတွေက အခုလိုမျိုး စွပ်စွဲပြောဆိုနေကြသူတွေကို တရားရေးပိုင်းဆိုင်ရာအရ အရေးယူဆောင်ရွက်မှာဖြစ်ပြီး အဲ့ဒီလို ကောလာဟလ ဖြန့်နေသူတွေကိုလည်း ပြင်းပြင်းထန်ထန် အရေးယူ ကိုင်တွယ်သွားမယ်လို့ ဆိုပါတယ်။ အင်တာနက် အသုံးပြုသူတွေအနေနဲ့ ဥပဒေကို လေးစားပြီး သတင်းအမှားတွေ မဖြန့်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
Ref:asiaone
You may also like these stories:
နိုင်ငံ့အကြောင်း ပုံဖော်ပြသမှုကြောင့် မြောက်ကိုရီးယားအစိုးရ တောင်ကိုရီးယားကို အပြစ်တင်
Donnie Yen ရဲ့ ကိုယ်ခံပညာကျွမ်းကျင်မှုကြောင့် အံ့သြခဲ့ရတဲ့ Mulan ဒါရိုက်တာ
သင်္ကြန်ကားနည်းနေတဲ့အချိန်မှာ “ပိတောက်ကတဲ့ ဂီတ” ကိုကြိုက်ကြမှာပါလို့ မေသဉ္ဇာဦးပြော