Entertainment

ရုပ်ရှင်နယ်ပယ် ကိုယ်စားပြု Myanmar's Pride Awards ဆုရရှိလို့ ဂုဏ်ယူနေတဲ့ နေတိုး

မြန်မာနိုင်ငံမှ ထူးချွန်ကျွမ်းကျင် ပညာရှင်များအား ကျရာကဏ္ဍအလိုက် ဂုဏ်ပြုချီးမြှင့်ပေးတဲ့ “Myanmar’s Pride Awards 2019” ရဲ့ ဒုတိယအကြိမ်မြောက် ဆုပေးပွဲ အခမ်းအနားကြီးမှာ ရုပ်ရှင်နယ်ပယ်ကိုယ်စား ဆုရရှိခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူမိတယ်လို့ အကယ်ဒမီ နေတိုးက ဆိုပါတယ်။

“ဒီဆုကတော့ ပရိသတ်တွေပေးတဲ့ Voting လေးတွေနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ပြီးတော့ Myanmar’s Pride Awards မှာ ရုပ်ရှင်နယ်ပယ်ကိုယ်စား ဆုရရှိတဲ့အတွက် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ပရိသတ်ရဲ့ ချစ်ခင်မှု၊ ပရိသတ်ရဲ့ အားပေးမှုနဲ့ ဖြစ်ပေါ်လာတဲ့ ဆုလေးဆိုရင်လည်း မမှားပါဘူး”

“ရုပ်ရှင်သရုပ်ဆောင် တယောက်အနေနဲ့ မိမိရပ်တည်မှုကို အကောင်းဆုံးကြိုးစားရင်းနဲ့ နောင်အနာဂတ်မှာ ဒီထက်ကောင်းမွန်တဲ့ အရာတွေကို ဖန်တီးပေးသွားပါမယ်လို့လည်း ဒီနေရာကနေ ပြောချင်ပါတယ်။ ဒီလိုမျိုး ကဏ္ဍအသီးသီးက ဆုရှင်တွေ နောင်အနာဂတ်မှာ အများကြီး ပေါ်ထွက်လာပါစေလို့လည်း ဆုတောင်းပါတယ်။ ကျနော့်ကို Voting ပေးကြတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်”လို့ နေတိုးက ပြောပါတယ်။

လတ်တလော ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အကယ်ဒမီပွဲ ရက်ရွေ့လိုက်တဲ့အပေါ်လည်း နေတိုးက သူ့အမြင်ကို အခုလိုပဲ ဆိုပါတယ်။

“အကယ်ဒမီ ပေးပွဲက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်ရွေ့ပြီး နောက်ဆုတ်သွားတဲ့အတွက် ပြည်သူလူထုအတွက်ရော၊ အနုပညာရှင်တွေရော အန္တရာယ်ကင်းတယ်၊ ကောင်းသွားတယ်လို့ ထင်ပါတယ်။ ပြောင်းလဲမှုတိုင်းမှာ ဝေဖန်မှုတွေတော့ ရှိကြတာပေါ့။ မကြာခင်မှာ အကယ်ဒမီပေးပွဲ လုပ်တော့မှာ ရက်ရွေ့လိုက်တော့ ပရိသတ်ရဲ့မျှော်လင့်ချက်လေးတွေ ဟာခနဲ ဟင်ခနဲတော့ ဖြစ်ကြတာပေါ့”

“ဘယ်ချိန် ကျင်းပ ကျင်းပပါ။ စိတ်ဝင်စားနေဦးမယ်လို့ ထင်ပါတယ်။ အကယ်ဒမီပေးပွဲကလည်း စိတ်ဝင်စားမှု အရမ်းလျော့နည်းသွားမယ်လို့တော့ မမြင်ပါဘူး။ မိုးအရမ်းမရွာခင် အကယ်ဒမီပေးပွဲ လုပ်နိုင်ရင်တော့ ကောင်းတာပေါ့”လို့ နေတိုးက ပြောပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်လေ့ရှိတဲ့ နေတိုးကတော့ “မိုးည အိပ်မက်မြူ” ၊ “နက္ခတ်မှားတဲ့ တိုက်ပွဲ” ၊ “တာတေကြီး” စတဲ့ ဇာတ်ကားများနဲ့ အကယ်ဒမီဆုများ ရရှိထားသူ ဖြစ်ပါတယ်။

You may also like these stories:

အနုပညာ အစစ်အမှန်ကိုသာ အားပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့ ဖြူဖြူကျော်သိန်း

မင်းသား Orlando Bloom နဲ့ ပထမဆုံး ရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ Katy Perry

Loading