Entertainment

ဂီတအနုပညာ မောင်နှမတွေအတွက် ဆုရခဲ့တယ်လို့ သတ်မှတ်ထားတဲ့ နီနီခင်ဇော်

မြန်မာပြည်ဖွား ထူးချွန် အောင်မြင်သူများအား ကဏ္ဍအလိုက် ဂုဏ်ပြုချီးမြှင့်ပေးတဲ့ “Myanmar’s Pride Awards 2019” ရဲ့ ဒုတိယအကြိမ်မြောက် ဆုပေးပွဲ အခမ်းအနားမှာ “Best in Music” ဆုရရှိခဲ့တဲ့ အဆိုတော် နီနီခင်ဇော်က ဆုရရှိတဲ့အပေါ် အခုလိုပဲ ပြောပါတယ်။

“အခုရတဲ့ ဆုလေးက နီနီ လေးစား အားကျရတဲ့ ဂီတအနုပညာ မောင်နှမတွေအတွက် ဒီဆုလေး ရတယ်လို့ သတ်မှတ်ပါတယ်။ နီနီအတွက် အိပ်မက်က အရှည်ကြီးပဲ။ အဲ့ဒီအိပ်မက်တွေအတွက် ရှင်သန်ရဦးမယ်၊ ကြိုးစားရဦးမယ်။ နီနီ အိပ်မက်က ရိုးရှင်းတဲ့ အိပ်မက်လေးပါပဲ။ ဒီလိုဆုတွေ ရဖို့အတွက်လည်းမဟုတ်ဘူး။ ကိုယ်ဖြစ်ချင်တဲ့ အရာလေးတွေ လုပ်သွားမယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

ဆက်လက်ပြီး နီနီခင်ဇော်က အခုလို တေးဂီတ ကဏ္ဍ ကိုယ်စားပြု ဆုရရှိတဲ့အတွက် ရွေးချယ်ပေးသူတွေနဲ့ ပရိသတ် အယောက်ချင်းစီတိုင်းကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“ဆုပေးပွဲမှာ နီနီ့ကို ရွေးချယ်ပေးခဲ့ကြတဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ပရိသတ် တယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ နီနီလည်း အကောင်းဆုံး ကြိုးစားသွားပါမယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

နီနီခင်ဇော်ကတော့ လတ်တလော “အိပ်မက်ကာရန်” ဆိုတဲ့ ဂီတရုပ်ရှင်မှာ ပါဝင်ထားပြီး သရုပ်ဆောင်ပိုင်းကိုလည်း လေ့လာ သင်ယူနေတယ်လို့ ပြောပါတယ်။

“အိပ်မက်ကာရန် ဇာတ်ကားကို အားလုံးက အားထုတ်ကြိုးစားကြတယ်။ နီနီ တာဝန်ယူရတဲ့ အပိုင်းက တာဝန်လည်းကြီးတယ်။ ပိုပြီးတော့လည်း ပင်ပန်းတာတွေ ရှိတာပေါ့နော်။ သရုပ်ဆောင်ပညာလည်း လေ့လာသင်ယူနေတဲ့ ကာလလည်း ဖြစ်တယ်။ ဇာတ်ညွှန်းဆရာတွေနဲ့လည်း တိုင်ပင်ရတာလေးတွေ ရှိတော့ နည်းနည်းစိတ်ဖိစီးပါတယ်။ သရုပ်ဆောင်ဘက်ကတော့ နီနီလည်း ကြိုးစားနေတုန်းပါပဲ”

“အိပ်မက်ကာရန် ကားမှာ ထူးခြားတဲ့ Musical နဲ့တင်ဆက်မှာပါ။ သရုပ်ဆောင်ပိုင်းကလည်း အဆိုပိုင်းကို ကြိုးစားကြသလို၊ အဆိုပိုင်းကလည်း သရုပ်ဆောင်ပိုင်းကိုလိုက်ပြီး ကြိုးစားရမှာပါ။ နီနီတို့ ရိုက်ဖို့ ကျန်ပါသေးတယ်။ ရိုက်ကူးနေတုန်းကာလဆိုတော့ အခက်အခဲတွေ အများကြီးရှိပါတယ်။ အခက်အခဲကို ဖြစ်ချင်တဲ့စိတ်၊ အရောက်သွားချင်တဲ့စိတ်တွေနဲ့ပဲ ကြိုးစားနေပါတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

အဆိုတော် နီနီခင်ဇော်ဟာ ဂီတနဲ့ ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပက ချီးမြှင့်ထားတဲ့ ဆုပေါင်း ၁၃ ဆု ရရှိ ပိုင်ဆိုင်ထားသူ တယောက်ဖြစ်ပါတယ်။ မြန်မာပြည်တွင်းသာမက နိုင်ငံတကာက ဂီတချစ်သူများရဲ့ အားပေးမှုများကို ရရှိထားသူ ဖြစ်ပါတယ်။

You may also like these stories:

“ဘယ်တော့မှ မင်းသမီး မလုပ်ပါဘူး”လို့ ပြောတဲ့ အဆိုတော် နီနီခင်ဇော်

“ပါတီခင်ဇော်”အခွေမှာ ပိုင်တံခွန်နဲ့ လိုက်ဖက်လွန်းလို့ သီချင်းအတူ သီဆိုထားတဲ့ နီနီခင်ဇော်

မိန်းကလေး အင်အားကို ပြထားတဲ့ မိစန္ဒီရဲ့ “သတ္တိခဲ” တကိုယ်တော်ခွေ

Loading