တယော ပညာရှင်တဦး ဖြစ်သလို တယောတီးသင်တန်း ဖွင့်လှစ်ထားတဲ့ ဦးတင်ရီဟာ ဒီနေ့၊ မတ်လ ၆ ရက်နေ့မှာ ဆုံးပါးသွားပြီလို့ သိရပါတယ်။ တယော ဦးတင်ရီ ဆုံးပါးသွားတဲ့အပေါ် ဂီတလောကသားတဦးဖြစ်တဲ့ ဂစ်တာ နိုင်ဇော်က ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“အဘ (ဦးတင်ရီ) သားကို ဖုန်းဆက်မေးတော့ ဆုံးသွားတာ ဟုတ်ပါတယ်။ စစ်ဆေးရုံမှာ ဆုံးတယ်လို့ ပြောတယ်။ ကျောက်ကပ်က လုံးဝ ပျက်စီးသွားတယ်။ ဆီးချိုက ၅၀၀ ထိ တက်သွားတယ်။ သတိလစ်နေတာ။ နှလုံးကိုလည်း စက်နဲ့လည်တဲ့ အားပဲ ရှိတော့တယ်။ ၁၀ နာရီ ၄၅ လောက်မှာ နှလုံးက ရပ်သွားတယ်။ ကွယ်လွန်ချိန်မှာတော့ အသက်က ၇၉ နှစ်ရှိပြီ”လို့ ဂစ်တာ နိုင်ဇော်က ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး ဂစ်တာ နိုင်ဇော်က “အဘရဲ့ ရုပ်အလောင်းကို ရေဝေး သယ်သွားပြီ။ ၁၀ ရက်နေ့ ဂူသွင်းမယ်တော့ ပြောတယ်။ အချိန်တွေတော့ အဘ သားတွေ စီစဉ်နေပါတယ်”လို့ ပြောပါတယ်။
တယော ဦးတင်ရီနဲ့ အမှတ်တရများစွာ ရှိတယ်ဆိုတဲ့ ဂစ်တာ နိုင်ဇော်က ဂန္ထဝင် ဂီတလောကမှာ ပညာရှင်ကြီးတဦး ဆုံးရှုံးတယ်လို့ ခံစားရကြောင်း ပြောပါတယ်။
“အဘ ဦးတင်ရီက ချွင်းချက်မရှိ ဂန္တဝင် တယောဆရာကြီးလို့ သတ်မှတ်ထားကြတယ်။ ကြေလွှင့်သွားတဲ့အတွက် ဂန္ထဝင် ဂီတလောကမှာ ပညာရှင်ကြီးတဦး ဆုံးရှုံးတယ်လို့ ခံစားရပါတယ်။ အမှတ်တရတွေ အများကြီးရှိတယ်။ နောက်ဆုံး အမှတ်တရက ဖြူဖြူကျော်သိန်းဆိုတဲ့ ဆည်းလည်းရှိုက်သံ သီချင်းကို ကျနော်ရော၊ အဘရော တီးပေးထားတာ”
“အဘရဲ့ လက်သံကို သိမ်းထားချင်လို့ အဘ အသက်ကြီးနေပမယ့် ခေါ်ထိုးထားတာပါ။ အဘပွဲတွေဆို ကျနော်က ဂစ်တာ ဝင်တီးဖူးပါတယ်။ အဘက ကျနော်နဲ့ ကိုမောင်မောင်လွင်ကို အရမ်းအားကိုးပါတယ်။ အခုလို အဘ မရှိတော့ အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်”လို့ ဂစ်တာ နိုင်ဇော်က ပြောပါတယ်။
ဂီတလောကရဲ့ပညာရှင်ကြီး တယော ဦးတင်ရီ ဆုံးပါးသွားတာဟာ ပရိသတ်တွေအတွက် ဆုံးရှုံးမှုကြီး တခုပါ။ တယော ဦးတင်ရီဟာ ၁၄ နှစ်သားအရွယ်မှ စပြီး တယောကို စတင်တီးခတ်ခဲ့သူဖြစ်ပြီး ၅၈ နှစ်ကြာ တယောပညာဖြင့် အသက်မွေးခဲ့သူ ဖြစ်ပါတယ်။ ရေဒီယို သီချင်းခေတ်မှာ မြန်မာ့အသံမှ လွှင့်ခဲ့သော သီချင်းများစွာမှာ တယောဦးတင်ရီရဲ့ လက်သံများစွာ ပါဝင်ခဲ့ပါတယ်။
ဦးတင်ရီအနေနဲ့ ၁၉၈၃ ခုနှစ်ဝန်းကျင်က “မြန်မာသီချင်းများရဲ့ တယောသံဆန်းများ” ဆိုတဲ့ မြန်မာခေတ်ဟောင်း သီချင်းကြီးများကို တီးခတ်ထားသော Instrument တေးစီးရီးခွေနဲ့ ၁၉၉၈ ခုနှစ်ဝန်းကျင်က “တယောသမားတီးတဲ့ ရွှေအိုးစည်” ဆိုတဲ့ မြန်မာ့ရိုးရာ ကျေးလက် တေးသီချင်းများကို တီးခတ်ထားတဲ့ Instrument တေးစီးရီးခွေ နှစ်ခွေ ထုတ်ဝေခဲ့ပါတယ်။
တယော ဦးတင်ရီဟာ ၁၉၄၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၇၉ နှစ် အရွယ် ရှိပြီ ဖြစ်ပါတယ်။ ကွယ်လွန်သူ ဦးတင်ရီရဲ့ ကျန်ရှိ ရုပ်အလောင်းအား ဂူသွင်း အခမ်းအနားကို မတ်လ ၁၀ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
You may also like these stories:
မီးလောင်နေတဲ့ အိမ်ထဲကနေ ကြောင်လေးကို သွားကယ်တင်ခဲ့တဲ့ အိမ်မွေးခွေးလေး
ဂီတအနုပညာ မောင်နှမတွေအတွက် ဆုရခဲ့တယ်လို့ သတ်မှတ်ထားတဲ့ နီနီခင်ဇော်
ရုပ်ရှင်နယ်ပယ် ကိုယ်စားပြု Myanmar’s Pride Awards ဆုရရှိလို့ ဂုဏ်ယူနေတဲ့ နေတိုး