လက်ရှိ မြန်မာနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကားကြီးများကို ပြသလျက်ရှိတဲ့ ရုပ်ရှင်ရုံအုပ်စု ၃ စု ဒီကနေ့မတ်လ ၆ရက်နေ့မှာ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုတခု ရရှိခဲ့တယ်လို့ Pradiso ရုပ်ရှင်အုပ်စုမှ တာဝန်ရှိသူတဦးဖြစ်တဲ့ မင်းသား လွင်မိုးက ပြောပါတယ်။
“အဓိကက အဖြေတခု ရှာတာပေါ့။ ရုံတိုက်ဖြစ်လာတဲ့ မြို့လေးတွေ ရှိတယ်။ အဲ့လိုဖြစ်လာတဲ့အခါ ပြသရေးအပိုင်းမှာ မင်္ဂလာမှာ ရုံပြိုင်ဖြစ်တဲ့အခါမှာ ကျနော်တို့ Pradiso မှာ ပြသခွင့် မရှိတော့တဲ့ အပိုင်းမျိုးလေးတွေ မင်္ဂလာမှာပြတဲ့ ကားကို Pradiso မှာ ပြသခွင့် မရှိတာတွေ ၊ JCGV မှာပြတဲ့ ကားကလည်း မင်္ဂလာမှာပြသခွင့် မရှိတဲ့ အပိုင်းတွေ မင်္ဂလာမှာ ပြတဲ့ကားဆိုလည်း JCGV မှာ ပြခွင့်မရှိတာတွေ ရှိလာတယ်”
“ကျနော်တို့ Pradiso ကလည်း အနာဂတ်မှာ ရုံတွေ ဆက်ဆောက်ဖို့ ရှိတယ်။ ရည်မှန်းချက်အတိုင်းသွားဖို့ ရှိတဲ့အတွက် တိတိကျကျလုပ်ရမယ့် အချိန် ရောက်နေပါပြီ” လို့ လွင်မိုးက ပြောပါတယ်။
ရုပ်ရှင်ဇာတ်ကားများ ပြသတဲ့အခါမှာ မင်္ဂလာအုပ်စုနဲ့ JCGV တို့ဟာ တရုံမှပြတဲ့ ရုပ်ရှင်ဇာတ်ကားကို နောက်တရုံမှာ မပြသတဲ့ကိစ္စလေးတွေ ရှိခဲ့ပေမယ့် ဒီကနေ့မှာတော့ ၂ ဖက်စလုံးမှ ပိတ်ပင်ထားတာမျိုး မရှိဘူးလို့ ပြောခဲ့ပါတယ်။
“ပြသတဲ့နေရာမှာ၊ ဇာတ်ကားရွေးချယ်တဲ့ နေရာမှာ မင်္ဂလာနဲ့ JCGV (၂) ပိုင်းရှိတော့ တခုမှာပြရင် တခုမှာ မပြဘူးဆိုတဲ့ အပိုင်းလေးတွေ ရှိနေတော့ ဒီနေ့ကျနော်တို့ အရမ်းဝမ်းသာစရာကောင်းတဲ့ဟာက ဘာလဲဆိုတော့ JCGV အနေနဲ့ သူတို့ဆီမှာပြတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို တခြားမှာပြသခွင့် ပိတ်ပင်ထားတာမရှိဘူးလို့ ပြောခဲ့သလို မင်္ဂလာ ဦးဇော်မင်းတို့အဖွဲ့ကလည်း သူတို့အနေနဲ့လည်း ဇာတ်ကားတွေကို ပိတ်ပင်ထားတာ မရှိပါဘူးလို့ ပြောခဲ့ပါတယ်” လို့ လွင်မိုးက ပြောပါတယ်။
လွင်မိုးတို့ရဲ့ Pradiso ရုပ်ရှင်ရုံများကလည်း တဖြည်းတဖြည်းများလာတာ ဖြစ်တဲ့အတွက် နဂိုရှိနှင့်ပြီးသားဖြစ်တဲ့ ရုံရှင်များနဲ့ ဆွေးနွေးခွင့် တောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အဓိကဆွေးနွေးရတဲ့ အကြောင်းက ကျနော်တို့ Pradiso ရုပ်ရှင်ရုံတွေက တဖြည်းဖြည်းနဲ့ များလာပြီ။ အနာဂတ်ကို ကြည့်ရမယ်။ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေတယ်။ မျှမျှတတနဲ့ ရုပ်ရှင်လောက တိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ပဲ ဆောက်ခဲ့ကြတာ။ နဂိုရှိနှင့်ပြီးသား ရုံသမားတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် ရုပ်ရှင်အစည်းအရုံးကို ဒီနေ့မှာဆွေးနွေးခွင့် တောင်းခဲ့တယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီးတော့ လွင်မိုးက “လောလောဆယ်ကတော့ သဘောတူညီချက် တခုတော့ ရပြီ။ အဲဒါကို မပျောက် မပျက်ဘဲ ကျနော်တို့က အခုလာမယ့် အစည်းအဝေးတွေမှာ ဆွေးနွေးသွားမယ်။ မင်္ဂလာရယ်၊ JCGV ရယ်၊ Pradiso ရယ်က ရုပ်ရှင်ကားတွေကို ပိတ်ပင်ဖို့ မရှိပါဘူးဆိုတဲ့ သဘောတူညီချက် ရပြီးသွားပြီ။ ဆက်လက်ပြီးတော့ ညှိနှိုင်းသွားရမှာပါ” လို့ ပြောပါတယ်။
လွင်မိုးတို့ရဲ့ Pradiso ရုပ်ရှင်ရုံအနေနဲ့လည်း မကြာခင် ဧပြီလအပြီးမှာတော့ ရုပ်ရှင်ရုံ ၅၀ ခန့်ပြီးသွားမှာဖြစ်ပြီး ရုပ်ရှင်ရုံများ ဆက်တိုက် ဖွင့်လှစ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
“ဧပြီလပြီးရင်တော့ ရုံ ၅၀လောက်ပြီးပါပြီ။ ဒီလ ၉ ရက်နေ့မှာ မြောက်ဒဂုံရယ်၊ မင်္ဂလာဒုံ ပုလဲမှာရယ်ဖွင့်ပါတယ်။ ရန်ကုန်မှာ ဆောက်ပြီးသွားတာတော့ လှိုင်သာယာ ကျန်မယ်။ သန်လျင်၊ ဆောက်နေတာကတော့ သင်္ဃန်းကျွန်း ၊ အင်းစိန် ကျန်မယ်။ ၁၁ ရက်နေ့ မန္တလေးမှာ ၃ ရုံ ဖွင့်ပါမယ်။ မကွေးမှာ ၁ ရုံ ၊ အောင်လံ၊ ပြည်မှာ ဖွင့်ပါမယ်” လို့လွင်မိုးက ပြောပါတယ်။
လွင်မိုးကတော့ ၂၀၁၆ခုနှစ်မှစတင်ကာ မြန်မာပြည် အနှံ့အပြားမှာ ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းကို စတင်ခဲ့ပြီး လက်ရှိမှာတော့ ထက်ဝက်ခန့် ပြီးစီးနေပြီပဲ ဖြစ်ပါတယ်။
You may also like these stories:
ဧပြီ ၂၅ ရက်နေ့မှာ မင်္ဂလာပွဲလုပ်မယ့် အဆိုတော် နေဝင်းနဲ့ အိမ့်ချစ်ချော
အနုပညာ အစစ်အမှန်ကိုသာ အားပေးဖို့ မေတ္တာရပ်ခံလိုက်တဲ့ ဖြူဖြူကျော်သိန်း