ပြီးခဲ့တဲ့လပိုင်းခန့်က ချစ်သူနဲ့လမ်းခွဲခဲ့တဲ့ နန်းဆုရတီစိုးကတော့ ချစ်သူရည်းစားထားတာနဲ့ပတ်သက်ပြီး ပရိသတ်ကိုတခါမှ လျှို့ဝှက်ထားတာမျိုးမရှိခဲ့ဖူးဘူးလို့ ပြောပါတယ်။
“ချစ်သူထားတာနဲ့ပတ်သက်ပြီးတော့ နန်းဆုကလေ တခါမှလည်း လျှို့ဝှက်မထားဘူးပါဘူးရှင်။ ပရိသတ်ကိုလေ အမြဲတမ်း ရိုးရိုးသားသားနဲ့ပြောပြပါတယ်။ အင်တာဗျူးတွေမေးရင်လည်း နန်းဆုအမြဲတမ်းလည်း ကိုယ်ပြောနိုင်တာ ရှိရင်ပြောပေး ပါတယ်။ ရှင်းစရာရှိရင်လည်း အမှန်အတိုင်းပြောပြပြီး ဖြေရှင်းပါတယ်။ ချစ်သူထားတာနဲ့ ပတ်သက်ပြီး တော့လည်း ပွင့်ပွင့်လင်းလင်းပဲနေပါတယ်”
“လျှို့ဝှက်ထားမယ်ဆိုတာမျိုးမရှိပါဘူး။ အဲ့လိုမရှိသလိုမျိုးပဲ ကြော်ငြာမယ်ဆိုတဲ့စိတ်လည်းမရှိပါဘူး။ ဒီအတိုင်းလေးပဲနေတာပါရှင်” လို့ သရုပ်ဆောင် နန်းဆုရတီစိုးကပြောပါတယ်။
အခုလိုလမ်းခွဲခဲ့ရလို့ နောက်တခေါက်ချစ်သူထပ်ထားဖို့အတွက် အချစ်ကိုကြောက်တာမျိုးတော့မရှိဘဲ အချစ်ဆိုတာရွေးချယ်လို့မရတာကြောင့် သူ့အလိုလိုဖြစ်လာတာပဲကောင်းတယ်လို့ ပြောပါတယ်။
“အချစ်ကို မကြောက်ပါဘူး။ အချစ်ကကြောက်စရာမှ မဟုတ်တာ။ ချစ်တာပဲ ချစ်တာကမင်္ဂလာတပါးပဲလေ။ ဒါပေမယ့်အချစ်ကိုနောက်ထပ်ထားဖို့ဘာညာက ရွေးချယ်ဖို့အချက်အလက်တွေဘာတွေတော့ မစဉ်းစားဘူး။ အချစ်က ရွေးချယ်လို့လည်းမရဘူးဆိုတောာ့လေ သူ့ဟာနဲ့သူဖြစ်လာတာပဲကောင်းပါတယ်။” လို့ နန်းဆုရတီစိုးကပြောပါတယ်။
လတ်တလောမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကထွက်ရှိထားတဲ့ သူမရဲ့သီချင်းအသစ်ဖြစ်တဲ့ “မြန်မာပြည်ကြီးထဲမှာ” သီချင်းထဲကလိုပဲပျော်ပျော်နေဖြစ်တယ်လို့ သိရပါတယ်။
“အခုကတော့ မြန်မာပြည်ကြီးထဲမှာ သီချင်းထဲကလိုပဲ ပျော်ပျော်လေးနေပါတယ်။ အဲ့ပုံစံလေးအတိုင်းပဲသွားမှာပါ။ အခုလည်းအရမ်းအဆင်ပြေပါတယ်။ နန်းစုရဲ့ ဘဝကအဆင်အပြေဆုံးဖြစ်အောင် အကောင်းဆုံးကြိုးစားပြီး နေထိုင်ပါတယ်ရှင်” လို့ နန်းဆုရတီစိုးကပြောပါတယ်။
မြန်မာပြည်ကြီးထဲမှာ သီချင်းနဲ့ပတ်သက်ပြီးတော့ နန်းဆုရတီစိုးက “သီချင်းကိုတော့ သီချင်းနဲ့အတိုင်းပဲ သီချင်းနဲ့ လိုက်ဖက်အောင် အကောင်းဆုံးကြိုးစားပြီး ဖန်တီးထားတယ်။ Music Video ကချစ်ဖို့ကောင်းတယ်ဆိုတာလည်း ချစ်စရာကောင်းတဲ့ပုံစံဘက်ကို ရောက်အောင်ဖန်တီးရတာပါ”
“ အဝေးရောက်နေတဲ့ချစ်သူတယောက်ကို ကောင်မလေးကလွမ်းဆွတ်တမ်းတတာပေါ့။ တခြားအတွဲတွေ ရိုနေတာကိုတွေ့ရင် ပိုပြီးလွမ်းမိတယ်ဆိုတာကို ဆိုထားတာပါရှင်” လို့ပြောပါတယ်။
ယခုရက်ပိုင်းအတွင်းမှာလည်း တက္ကသိုလ်ကျောင်းများမှာပြုလုပ်လျက်ရှိတဲ့ ကျောင်းသင်္ကြန်ပွဲများကို လိုက်လံဖျော်ဖြေလျက်ရှိပြီး အရမ်းပျော်စရာကောင်းတာကြောင့် ကျောင်းသား၊ကျောင်းသူနေရာကို ရောက်သွားချင်တယ်လို့ပြောပါတယ်။
“ကလေးတွေပျော်နေတာကိုကြည့်ပြီး နန်းဆုတို့တုန်းကတော့ ကျောင်းသင်္ကြန်ဆိုတာမရှိဘူးလေ။ သူတို့ပျော်တာကိုကြည့်ပြီး ငါတို့တုန်းကလည်း အဲ့လိုရှိခဲ့ရင်ကောင်းမှာပဲဆိုပြီး ခံစားမိပါတယ်။ အရမ်းပျော်စရာကောင်းပြီး သူတို့နေရာကိုရောက်သွား ချင်တယ်။ ငယ်ငယ်တုန်းကတော့ နန်းဆုက စာပဲလုပ်တယ်။ စာပဲကြိုးစားရတယ်။ စာကြိုးစားတဲ့ကောင်မလေးပေါ့။ စာနဲ့ပဲဖြတ်သန်းခဲ့ရတာဆိုတော့ လွတ်လပ်မှုတွေ၊ ပျော်ရွှင်မှုတွေမရှိခဲ့ပါဘူး” လို့ နန်းဆုရတီစိုးကပြောပါတယ်။
နန်းဆုရတီစိုးကတော့ ယခုနှစ်သင်္ကြန်မှာအလုပ်မလုပ်တော့ဘဲ ခရီးသွားဖို့စီစဉ်ထားပြီး သင်္ကြန်ပြီးပါက သီချင်းအသစ်တပုဒ်ထွက်ဖို့ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
တင်းနစ်လောက ကနေ အနားယူသွားပြီဖြစ်တဲ့ ချန်ပီယံဟောင်း မာရီယာရှာရာပိုဗာ
ခေတ်စားနေတဲ့ “Parasite” ရုပ်ရှင်ထဲက Jjapaguri ခေါက်ဆွဲချက်ပြုတ်နည်း
ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံကို ဝင်မလာပါစေနဲ့လို့ ဆုတောင်းနေတဲ့ အောင်ထက်