တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်ကြီး လွှမ်းမိုးရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “ရန်ကုန်သားလေး ကျွန်တော်” သီချင်းကိုတော့ နှုတ်ခမ်းနီမလေးများရဲ့ အသည်းစွဲ Project K အဖွဲ့ကပြန်လည်ဆန်းသစ် သီဆိုခဲ့ရာ ဝေဖန်မှုများကြုံတွေ့ ရခဲ့ရပါတယ်။
“တချို့ကလည်း ဒီသီချင်းလေးကို ပြောင်းလဲတဲ့အပေါ်မှာ သိပ်မကြိုက်ကြဘူး။ တချို့ကျတော့လည်း Renew လေးလုပ်တာ ပိုကြိုက်တယ် အားပေးတာတွေ့ရတယ်။ အားပေးတဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ တချို့ကလည်း အပြုသဘောနဲ့ ဝေဖန်ပြောပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဘာပဲပြောပြော ဒီသီချင်းလေး ဖျော်ဖြေ လိုက်တိုင်း အကုန်လုံးက ပျော်ရတယ်ဆိုတဲ့အတွက် ထပ်တူပျော်ပါတယ်” လို့ Project K ရဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့ ဝီလျှံထွန်း ကပြောပါတယ်။
သူတို့အဖွဲ့အနေနဲ့ သီချင်းများကို သီဆိုဖျော်ဖြေတဲ့အခါမှာ ဘယ်အရာမှ ပေါ့ပေါ့တန်တန်မလုပ်ဘဲ အားလုံးပျော်ပါစေ ဆိုတဲ့စိတ်နဲ့ လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
“ကိုယ်တွေကလည်း တန်ဖိုးထားပြီး သေချာဖျော်ဖြေတာပါ။ ဘယ်အရာမှ ပေါ့ပေါ့တန်တန်မလုပ်ပါဘူး။ အားလုံးပျော်ရပါစေ ဆိုပြီးတော့ စေတနာအရင်းခံနဲ့ လုပ်တဲ့အတွက် အမှားအယွင်းလေးများပါရင် နားလည်ပေးကြပါလို့ ပြောချင်ပါတယ်။ ဖျော်ဖြေတာကိုအသိအမှတ်ပြုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ ဝီလျှံထွန်းကပြောပါတယ်။
အဆိုပါ “ရန်ကုန်သားလေးကျွန်တော်” သီချင်းကိုတော့ Project k အဖွဲ့အနေနဲ့ကိုယ်တိုင်ရွေးချယ် သီဆိုခဲ့တာမဟုတ်ဘဲ City FM ပွဲမှာဖျော်ဖြေဖို့အတွက် တေးရေးမင်းချစ်သူနဲ့ တာဝန်ရှိသူများက ရွေးချယ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အမှန်တော့ ဒီသီချင်းကို ကျနော်တို့က ရွေးချယ်တာမဟုတ်ပါဘူး။ City FM ပွဲစီစဉ်ရေးကော်မတီအဖွဲ့က လူကြီးတွေနဲ့ တေးရေးဆရာမင်းချစ်သူတို့ တိုင်ပင်ပြီးတော့ Project K နဲ့လိုက်မယ်ဆိုပြီးတော့ City FM မှာဖျော်ဖြေဖို့အတွက် ကျနော်တို့က ိုရွေးပေးလိုက်တဲ့သီချင်းပေါ့” လို့ ပြောပါတယ်။
ဆက်လက်ပြီး ဝီလျှံထွန်းက “အကကကျတော့ ကျနော်တို့ Project K ရဲ့ Sense ဖြစ်သွားတာပေါ့။ ဟိုးအရင်က ကျနော်တို့ကြိုက်ရတဲ့ စီနီယာအစ်ကိုကြီးတွေ Example အဖွဲ့ဆိုရင်လည်း သီချင်းဟောင်းလေးတွေကို Renew လုပ်တယ်။ အဲဒါကလည်း Example အဖွဲ့ရဲ့အငွေ့အသက်လေးပေါ့။ ကျနော်တို့ကလည်း Project K ရဲ့အငွေ့အသက်လေးကို လုပ်ထားတာပေါ့။ ကိုယ့်စတိုင်လေးနဲ့ ပျော်စရာလေးဖြစ်အောင်လုပ်ထားတာပေါ့” လို့ပြောပါတယ်။
Project k အဖွဲ့ကတော့ လက်ရှိမှာပွဲသီဆိုဖျော်ဖြေမှုတွေကို ခေတ္တရပ်နားထားပြီး Come Back ပွဲတခုပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
“ကျနော်တို့အဖွဲ့က ဒီ ၁လ ၂လအတွင်းမှာ Comeback အတွက်ပြင်ဆင်နေတဲ့အတွက် ကျနော်တို့က ပွဲလေးတွေ နားထားတာလေးတွေရှိတယ်။ ဟိုးအရင်က လက်ခံထားတဲ့ပွဲတွေလောက်ပဲ ဖျော်ဖြေဖြစ်တာပေါ့။ တချို့ပွဲလေးတွေ ဆိုလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပျက်သွားတာမျိုးတွေရှိတယ်။ ပွဲပါမစ်မရတဲ့အတွက်ပေါ့။ အဲ့တော့ကျနော်တို့ပရိသတ်တွေနဲ့ မတွေ့တာကြာပြီ။ Gang တွေကိုလည်း မတွေ့ရလို့စိတ်မကောင်းမဖြစ်ပါနဲ့ ကျနော်တို့ Come back အတွက်ကြိုးစားနေလို့ပါ။ တမင်တကာပွဲတွေ လျှော့ထားတာဖြစ်ပါတယ်” လို့ ဝီလျှံထွန်းကပြောပါတယ်။
You may also like these stories:
သီချင်းအသစ် Music Video ရိုက်ကူးရန် LA ကို ထွက်ခွာသွားတဲ့ ကိုရီးယားအဆိုတော် WINNER အဖွဲ့
အဖွဲ့သက်တမ်း ၃ နှစ်ပြည့်ပွဲကို ခမ်းခမ်းနားနား လုပ်မယ့် Project K အဖွဲ့