ဟောလိဝုဒ် စတားတွေဖြစ်ကြတဲ့ Dwayne ‘The Rock’ Johnson နဲ့ မင်းသမီး Brie Larson တို့ဟာ မကြာခင် ရုံတင်တော့မယ့် “Mulan” ရုပ်ရှင်ကို ဆိုရှယ်မီဒီယာပေါ်မှာ အားပေးထောက်ခံခဲ့ကြပြီးတဲ့နောက် ဟောင်ကောင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေရဲ့ နောက်ဆုံးပစ်မှတ် ဖြစ်လာခဲ့ကြပါတယ်။
Disney ရဲ့ ၁၉၉၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ကာတွန်းရုပ်ရှင်ကို Live-action အနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းထဲမှာ ဟောင်ကောင် ရဲတပ်ဖွဲ့အပေါ် ထောက်ခံကြောင်း ပြောခဲ့တဲ့ တရုတ်နွယ်ဖွားအမေရိကန် မင်းသမီး Crystal Liu Yifei ပါဝင်ထားတဲ့အတွက် ဝေဖန်ကန့်ကွက်မှုတွေ ခံခဲ့ရသလို သပိတ်မှောက်ဖို့ ကမ်ပိန်းလုပ်ဆောင်တဲ့အထိပါ ဖြစ်လာတာကို တွေ့ရပါတယ်။
စူပါဟီးရိုးရုပ်ရှင် Captain Marvel မှာ ပါဝင်ထားပြီး “Room” ရုပ်ရှင်နဲ့ အော်စကာဆု ရရှိထားတဲ့ မင်းသမီး Larson ဟာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့မှာ Mulan ရုပ်ရှင်ကို ကြည့်ရှုဖို့ စိတ်အား ထက်သန်နေတဲ့ အကြောင်း ပြသခဲ့ပေမယ့် ဟောင်ကောင်အင်တာနက် သုံးစွဲသူတွေကတော့ အဲ့ဒီပြောဆိုချက်ကို နှစ်မြို့ခဲ့ခြင်း မရှိခဲ့ပါဘူး။
မင်းသမီး Larson က “ဒီရုပ်ရှင်ကို မကြည့်ဘဲ မနေနိုင်တော့ဘူး။ Trailer တိုင်းက မျက်ရည်ကျစေတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ အဲ့ဒီပို့စ်မှာ မှတ်ချက်ပေးသူတဦးက “ညတိုင်း ဟောင်ကောင်မြို့သားတွေကို ဘယ်ဟာက မျက်ရည်ကျစေတယ်ဆိုတာ ခင်ဗျားသိလား” လို့ ရေးသားခဲ့ပါတယ်။
တခြားမှတ်ချက်တခုမှာတော့ “ငိုနေတဲ့ မျက်နှာကြီးနဲ့ Liu Yi Fei ကြောင့် ရုံဝင်ငွေ ကမောက်ကမဖြစ်ပြီး Disney ကတော့ ငိုရတော့မယ်။ သူ့ရဲ့ လူ့အခွင့်အရေးကို မလေးစားဖို့ တရုတ်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံဖို့ ဆုံးဖြတ်ချက်ကြောင့် Mulan ရုပ်ရှင်ကို သပိတ်မှောက်ရတော့မယ်’ လို့ ဖော်ပြထားပါတယ်။
မင်းသား Dwayne Johnson ဟာလည်း ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ Twitter မှာ ပို့စ်တင်ခဲ့ပြီးတဲ့နောက် အလားတူ တုံ့ပြန်မှုမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ သူက “ဒီဟာကိုကြည့်ဖို့ စောင့်နေပြီ။ မစောင့်နိုင်တော့ဘူး။ Asad Ayaz ရေ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။ Asad Ayaz ဆိုသူကတော့ Walt Disney စတူဒီယိုရဲ့ ဈေးကွက်ဆိုင်ရာ ဥက္ကဋ္ဌဖြစ်ပါတယ်။
Walt Disney ရဲ့ ဟောင်ကောင်ဌာနခွဲက မတ်လ ၂၆ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားတဲ့ အဲ့ဒီရုပ်ရှင်ကို နောက်ထပ် ကြေညာချက်တခုခု မထုတ်ပြန်ခင်အချိန်အထိ ရွှေ့ဆိုင်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီဌာနခွဲက “Covid-19 နဲ့ ပတ်သက်တဲ့ အခြေအနေကြောင့် မကြာခင် ပြသမယ့် ရက်တခုကို ကျနော်ကို ကြေညာပါ့မယ်။ စောင့်မျှော်ပေးကြပါဦး” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
တရုတ်ပြည်မကြီးနဲ့ မတူတာကတော့ အခုလိုမျိုး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပွားနေပေမယ့် ဟောင်ကောင်မှာ လာမယ့် သီတင်းနှစ်ပတ်အထိ ရုပ်ရှင်ရုံတွေကို ဆက်ဖွင့်ထားမှာဖြစ်ပြီး အနည်းဆုံး ရုပ်ရှင်ကားသစ် ၁၀ ကားလောက် ပြသဖို့ ရှိနေပါတယ်။
ဟောင်ကောင်မှာ ‘Mulan’ ရုပ်ရှင်ပြသမယ့် အချိန် ရွှေ့ဆိုင်းလိုက်တာနဲ့ ပတ်သက်လို့ Disney ရဲ့ ဟောင်ကောင်ဌာနခွဲက မှတ်ချက်ပေးတာ မရှိသေးပါဘူး။
Ref:asiaone
You may also like these stories:
“Mulan” ရုပ်ရှင်မှာ စတန့်ပြကွက်တွေကို ကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Liu Yifei
Battle ဇာတ်ဝင်ခန်းတွေနဲ့ အက်ရှင်အကြမ်းစားတွေ ပါဝင်လာတဲ့ Mulan ရုပ်ရှင် ဒုတိယ Trailer
ပရိသတ်အချစ်တော် “Mulan” မင်းသမီး Liu Yifei ရဲ့ အကြောင်း