တရုတ်မင်းသမီး ဖန်ပင်းပင်းဟာ အမျိုးသားအဆင့် လက်ဆေးအကကို ကပြခဲ့တာ တွေ့ရပါတယ်။ တရုတ်နိုင်ငံကနေ စတင်လာခဲ့တဲ့ အဲ့ဒီအကဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် မှန်ကန်တဲ့ လက်ဆေးနည်းစနစ် တွေကို အင်တာနက် အသုံးပြုသူတွေကို သင်ကြားပေးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
အသက် ၃၈ နှစ်အရွယ် မင်းသမီးဟာ သူ့ရဲ့ Instagram အကောင့် အပါအဝင် သူ့ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က အဲ့ဒီဗီဒီယိုကို တင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ဗီဒီယိုနဲ့အတူ “လက်ကို မကြာခဏ ဆေးကြောပြီး ကျန်းမာရေးကို ကာကွယ်ကြဖို့” အင်တာနက် အသုံးပြုသူတွေကို တိုက်တွန်းခဲ့ပါတယ်။
“The Empress Of China” လိုမျိုး ဒရာမာတွေနဲ့ နာမည်ကြီးတဲ့ မင်းသမီး ဖန်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ အခွန်ရှောင် အရှုပ်တော်ပုံနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် လပေါင်းများစွာကြာ ပရိသတ်ရှေ့မှောက်ကနေ ကွယ်ပျောက် သွားခဲ့ပြီးတဲ့နောက် မလျော်မကန်ဖြစ်ရတဲ့ အပြုအမူအတွက် ဆိုရှယ်မီဒီယာပေါ်ကနေ တောင်းပန်သွားခဲ့ပါတယ်။ မင်းသမီးဟာ အခွန်ရှောင်မှုကြောင့် ယွမ် ၈၈၃ သန်း ဒဏ်တပ်ခံခဲ့ရပါတယ်။
အခုလိုမျိုး မင်းသမီးရဲ့ ကျန်းမာရေးဆိုင်ရာ ပြောဆိုမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးသူတဦးက “ခင်ဗျားတောင် လက်ကို သန့်သန့်ရှင်းရှင်း ဆေးရဲ့လား” လို့ ပြန်လည် တုံ့ပြန်ခဲ့တာမျိုးရှိပါတယ်။ ဒါပေမဲ့ တချို့ မှတ်ချက်တွေကတော့ အပြုသဘောဆောင်ခဲ့တာကိုတွေ့ရပါတယ်။
အင်တာနက် အသုံးပြုသူ တဦးက “အမြဲတမ်း လှနေတုန်းပဲ။ ကျန်းမာရေး ဂရုစိုက်ပါ မမရေ” လို့ ရေးသားခဲ့သလို့ တခြားတဦးကလည်း “ခင်ဗျား ပြန်လာတာကို စောင့်နေမိပြီ” လို့ ဆိုပါတယ်။
Kung Fu Hustle ရုပ်ရှင်ထဲမှ တရုတ်မင်းသမီး Huang Shengyi နဲ့ ဟောင်ကောင်မင်းသမီး Ada Choi တို့ အပါအဝင် တခြားအနုပညာရှင်တွေဟာလည်း လက်ဆေးအကကို ကပြနေတဲ့ ဗီဒီယိုတွေကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ကြပါတယ်။
Ref: straitstimes
You may also like these stories:
ပရိသတ်ရှေ့မှောက်ကို ပြန်ရောက်လာတဲ့ မင်းသမီး ဖန်ပင်းပင်း
ဖန်ပင်းပင်း ပါဝင်တဲ့ ရုပ်သံစီးရီးမှ ဇာတ်ဝင်ခန်းများကို ဖယ်ရှားကာ အသစ် ပြန်ရိုက်ကူးမည်
မင်းသမီး ဖန်ပင်းပင်း ပါဝင်တဲ့ Louis Vuitton ကြော်ငြာတွေကို နာရီပိုင်းအတွင်း ပြန်ဖြုတ်ချခဲ့