ငွေကြေးချမ်းသာမှု မရှိတဲ့ လူတိုင်းဟာ ချမ်းသာတဲ့သူတွေကို အားကျလေ့ ရှိကြပါတယ်။ ချမ်းသာသွားမယ်ဆိုရင် စားသောက်ဆိုင်ကောင်းတွေမှာ စားပြီး ကားအကောင်းစားတွေ စီးမယ်ဆိုတဲ့ အိပ်မက်တွေကိုလည်း မက်ဖူးကြမယ့် သေချာပါတယ်။ အခုဖော်ပြပေးမယ့် သန်းကြွယ်သူဌေးတွေကတော့ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုထက် သာယာကောင်းမွန်တဲ့ သာမန်ဘဝကို မက်မောသူတွေ ဖြစ်ပါတယ်။
(၁) Adele
အသံကောင်းလွန်းပြီးကိုယ်တိုင်သီချင်းတွေ ရေးဖွဲ့သီဆိုလေ့ရှိတဲ့ အဆိုတော် Adele ဟာ လူလတ်တန်းစားတွေလိုပဲ ဘဝကို ဖြတ်သန်းလေ့ရှိသူ ဖြစ်ပါတယ်။ ဈေးအဆမတန်ကြီးတဲ့ ဝတ်စုံတွေ၊ ဇိမ်ခံသင်္ဘောတွေနဲ့ ဈေးကြီးပေးပြီး ဝယ်ရတဲ့ ကားတွေကို အသုံးပြုလေ့ မရှိဘဲ လန်ဒန်မှာ နေထိုင်ကာ သားဖြစ်သူကို စောင့်ရှောက်ရင်း နေထိုင်လျက်ရှိသူ ဖြစ်ပါတယ်။
(၂) Ashton Kutcher နဲ့ Mila Kunis
Ashton Kutcher နဲ့ Mila Kunis တို့ လင်မယားဟာ သရုပ်ဆောင် မဖြစ်ခင်ဘဝက ဆင်းရဲလွန်းတာကြောင့် ပိုက်ဆံကို ဘယ်လို ချွေတာပြီး သုံးစွဲသင့်တယ်ဆိုတာကို သိကြတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ သားသမီးတွေကိုလည်း ငွေကြေးကို လိုအပ်တဲ့ နေရာမှာ သုံးစွဲဖို့ သင်ကြားလေ့ရှိတာကြောင့် ဟောလိဝုဒ်က မိသားစုတွေကြားမှာ စည်းကမ်းရှိသူများအဖြစ် နာမည်ကျော်ကြားပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ပိုင်ဆိုင်တဲ့ ငွေတွေကို ပရဟိတ လုပ်ငန်းတွေမှာ အသုံးပြုလေ့ ရှိပါတယ်။
(၃) Kristen Bell နဲ့ Dax Shepard
သူတို့ ၂ ဦးလုံးက ကျော်ကြားတဲ့ မင်းသား၊ မင်းသမီးတွေဖြစ်ပြီး ငွေကြေးကို ချွေတာရာမှာလည်း နာမည်ကြီးသူတွေ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၉ မီလီယံခန့် ကြွယ်ဝတဲ့ သူတို့လင်မယားဟာ မင်္ဂလာဆောင်ချိန်မှာ ဒေါ်လာ ၁၄၀ ခန့်သာ သုံးစွဲခဲ့တယ်လု့ိ သိရပါတယ်။
(၄) Tobey Maguire
၂၀၀၀ ခုနှစ်များက ကလေးတိုင်းရဲ့ နှစ်သက်ခြင်းကို ခံရတဲ့ Spider Man မင်းသား Tobey Maguire ဟာ မအောင်မြင်ခင်က ဆင်းရဲတဲ့ မိသားစုမှာ ကြီးပြင်းလာရသူ ဖြစ်ပါတယ်။ Tobey Maguire ဟာ အောင်မြင်ချိန်မှာ ငွေကြေးကို မချွေတာဘဲ သုံးပြီး အသက်ကြီးမှ ရုပ်ရှင်ရိုက်ရဖို့ ထုတ်လုပ်သူတွေကို လိုက်ပြီး အောက်ကျို့နေရတဲ့ မင်းသားအိုကြီးတွေလို မဖြစ်ချင်တာကြောင့် ပိုက်ဆံကို အမြဲချွေတာသုံးလေ့ရှိပြီး စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံလေ့ရှိတယ်လို့ သိရပါတယ်။
(၅) Robert Pattinson
အမျိုးသမီး ပရိသတ်များရဲ့ အဓိကအားပေးခြင်းကို ခံရပြီး ဟောလိဝုဒ်ရဲ့ အောင်မြင်တဲ့ မင်းသားတယောက်ဖြစ်သူ Robert Pattinson ဟာ ငွေကြေးအရ အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး ချမ်းသာပေမယ့် ဈေးကြီးတဲ့ အဝတ်အစားတွေနဲ့ စားသောက်ဆိုင်တွေကို ဝေးဝေးရှောင်လေ့ ရှိပြီး သူ့ကို သာမန်လူတွေ စီးနေကျ ရထားတွေနဲ့ ဈေးပေါပေါ စားသောက်ဆိုင်တွေမှာ အမြဲလိုလို တွေ့မြင်နိုင်ပါတယ်။
Ref. Brightside